Oct 9, 2008

မြသီလာအလွမ်းပြေ (၂)

ကျမအပျော်ဆုံးကလည်း နောက်ဆုံးနှစ်နဲ့ ဂုဏ်ထူးတန်းတက်တဲ့နှစ်တွေမှာပါပဲ။ ၁၉၈၄ ကနေ ၁၉၈၈ ထိပေါ့။ အဲဒီအချိန်ကျတော့ ကိုယ်တိုင်လည်း နည်းနည်း လူကြီးဖြစ်လာတော့ အရာရာက မှတ်မှတ်သားသား ရှိလာ တယ်။ ၁၉၈၄ တုန်းကတော့ မေငြိမ်းမဖြစ်သေး။
စတုတ္ထနှစ်မတိုင်ခင်ကတော့ သူငယ်ချင်းတွေနဲ့ တရုန်းရုန်း.. ကန်ပေါင်ပေါ် အာပူလျှာပူ တကူးတက သွားစား..။ အင်းဝဆောင်လမ်းထိပ်က 'ခေမရဌ်ရှမ်းစားသောက်ဆိုင်'မှာ တို့ဟူးနွေးတွေ ရှမ်းခေါက်ဆွဲတွေ ထမင်းချဉ်သုတ်တွေ သွား သွား စား.. ဘုတ်ကလပ်က ဘူးသီးကြော်ဆိုင်မှာ သီချင်းတွေအော်ဆို.. စုံတွဲတွေကို စကြ နောက်ကြ။
"တနေ့လုံးပဲကွယ်.. ဒီနေရာလေးမှာ.. ပျော်ရွှင်စွာကျောင်းတက်ရတာ အကောင်းဆုံးဘ၀ပဲ.. ချစ်သူချင်းတွေ.. တို့သူငယ်ချင်းတွေ ဒီလိုသာအမြဲတမ်းနေချင်တယ်.. အေးမြတဲ့ ကျောင်းအရိပ်ကို ခွဲရမယ့်အချိန်.. တက္ကသိုလ်မြေနေ၀င်မှာကို စိုးတယ်.."
ဘာ.. ညာ.. နဲ့ပေါ့။
နောက် စာကြည့်တိုက်ရှေ့ရောက်ရင်တောင် 'လိုင်ဘရီသာ စကားပြောတတ်ခဲ့ရင် ကိုယ် ဘယ်လို မင်းကို ချစ်တာ သူအသိဆုံး မောင့်အချစ်ဆုံးရေ့' ဆိုတာတွေ အော်ဆိုတဲ့ အရွယ်ပေါ့။ အပူအပင်ဆိုတာလည်း ကြီးကြီးမားမား မရှိခဲ့ပါ။

စတုတ္ထနှစ်ရောက်တော့ ဂုဏ်ထူးတန်းတက်ချင်စိတ်က ပြင်းပျလာပြီ။ ပြီးတော့ တကယ်ပဲ ငြိမ်ငြိမ်သက်သက် (မှန်တာပြောရရင် တော်တော် အထိနာပြီး အသည်းကွဲထားတဲ့အရှိန်လည်း ပါတာပေါ့ :P )။ အဲဒီ စတုတ္တနှစ် မှာပဲ ကဗျာတွေ တော်တော် ရေးဖြစ်ခဲ့တာ။
+++++
အေးမြထိရှ...
ဟေမန္တတဲ့။
နှင်းပွင့်ချပ်တွေ
လှပ်လှပ်ပြေးဆော့
လေအနော့မှာ
ကလူမူနွဲ့
ဟန်ပန်ဖွဲ့လို့
ကိုယ့်ထံလာ..။
ကံ့ကော်ပွင့်ဦး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ချိုတဲ့ရသ
ဘ၀မှာဝေ........။
ခုထိ အဲဒီကဗျာလေး မှတ်မိနေသေးတယ်။ စတုတ္ထနှစ်ကျောင်းသူဘ၀... ကျောင်းတွေ ဖွင့်ရက်အစ.. နိုဝင်ဘာ ဒီဇင်ဘာ..။ တောင်ငူဆောင် အရှည်ကြီး လက်ဘက်ရည်ဆိုင်ရဲ့ တောင်ပိန္နဲပင်တွေအောက်က စားပွဲတွေမှာ ထိုင်မယ့်သူ နည်းနေတတ်တယ်။ နှင်းတွေ စိုနေတာကိုး။ ကျမကတော့ ထိုင်တာပဲ... အဲဒီစားပွဲမှာ ရေးခဲ့တဲ့ ကဗျာလေးပေါ့။ နှင်းစက်တွေ တောင်ပိန္နဲရွက်တွေပေါ် တဖောက်ဖောက်ကျနေတုန်း လဘက်ရည်ပူပူ နဲ့ အီကြာကွေးစားရင်း ကဗျာရေးဖို့ စိတ်ကူးယဉ်နေရတာ အရသာသိပ်ရှိတာလေ။

(နာဂစ်အပြီး တောင်ငူဆောင်ကင်တီးမြင်ကွင်း၊ အရှည်ကြီးဆိုင်က ခေါင်မိုးပြာပြာလေးနေရာပဲ)

အရှည်ကြီးဆိုင်က အဲဒီတုန်းက သီချင်းဖွင့်လို့ ရသေးတယ်။ အဲဒီတုန်းက ဆောင်းမနက်ခင်းနဲ့ အလိုက်ဆုံးနဲ့ ပွဲအတောင်းခံရဆုံးက ခင်မောင်တိုး ခိုင်ထူး မွန်းအောင်နဲ့ ခင်ဝမ်းသီချင်းတွေပေါ့။ နောက်တော့ ဂျေမောင်မောင် ရဲ့ အချစ်ရေ့ စီးရီးပေါ့။ အချစ်ရေ့.. သနပ်ခါးလေး လှအောင်လူးပြီးရင် ကိုယ့်အကြောင်းတွေးနေပေါ့ကွယ်.. ဆိုတဲ့ သီချင်းတစ လွင့်လာရင် သနပ်ခါးတွေဖွေးနေတဲ့ ကျမက ရင်ခုန်ချင်သေးတာ။
အဲဒီ ဆောင်းမနက်တွေမှာပဲ တောင်ငူဆောင်တ၀ိုက်မှာ တောင်းရမ်းစားသောက်နေတဲ့(ခုတော့ လူကြီးဖားဖား ဖြစ်ပြီ) ကုလားလေး စမ်းမောင်က ကျမဆီပြေးလာပြီး သူခူးထားတာလို့ပြောတဲ့ ကံ့ကော်ပန်းတွေ လာ လာ ရောင်းတာ (ဟီဟိ.. ရည်းစားက လာပေးတာမျိုး မဟုတ်ခဲ့တာ စိတ်နာတယ် :D)။ ဒါပေမဲ့ အဲဒီဆောင်းမနက် ကျောင်းထဲမှာ ကံကော်ပွင့်တချို့ ငုံတချို့ကို ခေါင်းမှာပန်ရတာလောက် စိတ်ကြည်နူးစရာ ကောင်းတာ မရှိ။ အဲသည်တုန်းက ကျောင်းထဲမှာ မိန်းကလေးအများစုနဲ့ ဆရာမအများစုခေါင်းမှာ ကံကော်တွေ ဝေလို့.. တကျောင်းလုံး ကံကော့်ပန်းနံ့က မွှေးနေရော..။ ကျမလည်း ပါတာပေါ့.. ခါးလယ်ကျော်တဲ့ ဆံပင်ရှည်ရှည်ရဲ့ နားသယ်စပ်မှာ ကံကော်တွေပန်ပြီး.. အိုက်တင်များ နေတတ်တာပေါ့။ (ကိုယ့်ကိုယ်ကို ငြိမ်းကျော်ဇာတ်ကောင်လိုလို ဘာလိုလိုပေါ့.. အဟဲ)။
အဲ့ဒီကာလမှာတော့ သူငယ်ချင်းတွေကလည်း တအားညီတော့ ကျမက ကဗျာတွေရေးဖို့... ကဗျာစာအုပ်တွေ ထုတ်ဖို့... သူငယ်ချင်းတွေနဲ့ ပျော်ဖို့.. နောက်.. ဂုဏ်ထူးတန်း တက်နိုင်အောင် ကြိုးစားဖို့ပဲ ပိုပြီး အားသန်နေခဲ့တယ်။ ညနေ နေချိုပြီဆိုရင်.. အင်းလျားကန် နဘေးက သစ်ပင်အောက်မှာ ဘူးသီးကြော်စားရင်း သီချင်းတဆိုဆိုနဲ့ စာကျက်ကြတယ်။ အဲ့ဒီအချိန်...
'စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းသည့်လမ်းမှာ လျှောက်ခဲ့ဖူးပါသည်.. အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ စိတ်ကြည်နူးစရာ ပြန်မြင်ယောင်နေသည်.. မှုန်ရီရီ မျက်ဝန်းဝေသီ အတိတ်ရဲ့ပန်းချီ အိမ်မပြန်ချင်ပြီ.. ရင်နာစွာ ပြန်လည်တွေးတိုင်းသတိရမိ နှစ်ကိုယ်တူညီ တချိန်တုန်းက တက္ကသိုလ်ဆီ...'
ဆိုတဲ့ ကိုင်ဇာရေးပြီး မေခလာဆိုတဲ့ သီချင်းလေးကို အင်းလျားကန်နဘေးမှာ ညည်းရတာ သိပ်အဓိပ္ပါယ်ရှိတာပေါ့။
ပြီးတော့
'ကျောင်းဖွင့်ချိန်.. စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ.. ကံကော်ပန်းတွေနဲ့အတူ သူနဲ့ တွေ့ရာမြေ.. တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်နယ်မြေ..'
ဆိုတဲ့သီချင်း...
'ချစ်တဲ့သူရယ်.. ဒီလိုရှုခင်း မြင်ရခြင်းကိုက ရွှင်ပျအားရလှပါတယ်.. တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ်.. နှင်းလေးတွေမှ ဟုတ်ရဲ့လား.. နှင်းလေးတွေမှ ဟုတ်ပါရဲ့လားကွယ်..' ။
ဆိုတဲ့ သီချင်းတွေ.. ဆိုလို့ အလွန်ကောင်းပေါ့။
ညနေတော်တော်စောင်းလို့ လမ်းမီးတွေ လင်းလာရင်တော့ အိမ်ပြန်ချိန်ရောက်ပြီ။ အဲဒီအခါ အင်းလျားကန်နဘေးကနေ ပြည်လမ်းပေါ်က မာလာမှတ်တိုင်ဆီကို နော်လီဇာရဲ့ 'မာလာဆောင် မောင်မလာဘူး' သီချင်းကို ဆိုရင်း လမ်းလျှောက်ဆင်းပြီး မာလာဆောင်ရှေ့ ကားမှတ်တိုင်ကနေ မြို့ထဲကို ဘတ်စ်ကားစီး ပြန်ပေါ့..။ (အဲဒီလမ်းတလျှောက်မှာပဲ ၁၉၈၈ မတ်လ ၁၆ရက် ဗုဒ္ဓဟူးနေ့ (တံတားနီနေ့) မှာ ကျမ အသည်းအသန် ပြေးခဲ့ရတာပေါ့..)။
တကယ်တော့ တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတာ သိပ်ကြီးမတရားသဖြင့် စိတ်ဒုက္ခတွေ မရောက်ရရင်.. နိုင့်ထက်စီးနင်းတွေ မကြုံရရင်.. တင်းတင်းမာမာဖိနှိပ်အုပ်ချုပ်တာတွေ မလုပ်ခဲ့ရင်.. ကျောင်းသားဘာဝ အချစ်တွေ အပျော်တွေ အလွမ်းတွေ ကျောင်းစာတွေနဲ့ နပမ်းလုံးပြီး အေးရာအေးကြောင်းနေချင်တဲ့ အရွယ်တွေပါ။
(ဆက်ရန်ရှိသေး...)

9 comments:

PTi said...

နာဂစ်စ် အပြီး တောင်ငူကန်တင်းကိုကြည့်ပြီး ကျောင်းတော်ကြီး ဘယ်လိုဖြစ်မယ်ဆိုတာ မတွေးရဲတော့ဘူး ဆရာမရယ်...း(

ကျွန်တော့်ဆီမှာလည်း ကျောင်းကပုံတွေရှိတယ်...
http://english.pti31.com/
ပုံတွေက အောက်ဆုံးမှာပါ...

sin dan lar said...

မတက်ခဲ့ရပဲ အလည်ပဲရောက်ဖူးပေမယ့်
မဆီမဆိုင်ဝင်လွမ်းသွားပါတယ်

MANORHARY said...

ဟင်း...လွမ်းလာပြီ....
အလွမ်းမပြေပဲပိုလွမ်းလာပြီ...

M.Y. said...

အမ ရဲ့ 
အလွမ်းပြေက..အလွမ်းမပြေစေပဲအလွမ်းတွေတဝေေ၀.. တမြေ့ မြေ့ ဖြစ်စေခဲ့ပီမို့ 
..၃..၄..၅..တွေမြန်မြန်သာတင်ပါရန်..

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ပေါ့ပေါ့ပါးပါးလေးတွေနော် ဖတ်ရင်းနဲ့ ပျော်ရွှင်လာရပါတယ်ဗျာ...

Moe Cho Thinn said...

ဆရာမရေ
ဆရာမရေးထားတာ ဖတ်ပြီး သတိရလိုက်တာနော်။
အဲဒီတုန်းက ကိုင်ဇာ ရေးတဲ့ မေခလာ့သီချင်းတွေက တက္ကသိုလ်နဲ့ အလိုက်ဖက်ဆုံးပဲ။ ကျောင်းသားဘ၀ကို ပေါ်လွင်လွန်းလို့လေ..။

Su said...
This comment has been removed by the author.
သက်ဝေ said...

ဆရာမရေ...
မြသီလာ အလွမ်းပြေတွေ ဖတ်ရလို့ ကျေးဇူးပါ...
ကံ့ကော်ပန်းပုံလေး ယူသွားပါတယ်... ခွင့်ပြုပါနော်...

တန်ခူး said...

ကံ့ကော်ပွင့်ဦး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ချိုတဲ့ရသ
ဘ၀မှာဝေ........
တဲ့လား မ ရယ်… သိပ်လှတဲ့ ကဗျာလေးက ရင်ထဲစွဲသွားပြီ… ဆံနွယ်ရှည်ရှည်တွေကြာ့းကံကော်ပန်းလေးပန်ထားတဲ့ သနပ်ခါးဖွေးဖွေးလေးနဲ့  မ က သိပ်ချစ်ဖို့ ကောင်းမှာပဲ… လွမ်းတယ်… ရန်ကုန်တက္ကသိုလ်ကျောင်းသူ မဟုတ်ပေမယ့် ကျောင်းကြီးကို ချစ်လွန်းလို့  ဆယ်တန်းလောက်ထဲက ခြေရာတွေ ထပ်နေခဲ့တာ…