Oct 22, 2008

မြသီလာအလွမ်းပြေ(၆)

အဲဒီ ၁၉၈၅ပညာသင်နှစ်အစမှာပဲ ကျမတို့ မေ့မေ့ပျောက်ပျောက်နေခဲ့တဲ့ အနာဟောင်း ကလေးက တက္ကသိုလ်ကျောင်းဝန်းကျင်ကို နည်းနည်း ပြန်လှုပ်ခတ်သွားစေခဲ့တာလည်း ဒီနေရာမှာတော့ ထည့်မပြောလို့ မရ။ ကျောင်းတွေပြန်ဖွင့်ပြီး သိပ်မကြာခင်မှာ ၁၉၈၃-၈၄အတွက် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေ ထွက်လာပါတယ်။ အဲဒီမဂ္ဂဇင်းက ကျမတို့ ကျောင်းသားတွေ ကြားထဲမှာ တော်တော် အလုပ်များ သွားစေခဲ့ပါတယ်။

ဟောဒီမှာ လက်သီးဆုပ်တွေ့လား.. သွေးတွေ စီးကျနေသလိုပဲ..တဲ့။ ဒီမှာက ဗိုလ်အောင်ကျော့် ဂူ..။ ကျောင်းသားတွေ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ၀ိုင်းထိုင်နေကြတာပေါ့။ ဒီမှာ ကျောင်းသားအလောင်းကို ထမ်းလာတာ။ ဆဲဗင်းဂျူလိုင်ပေါ့...။ ကောင်မလေးပုံကလည်း အမိန့်ပြန်တမ်း ဖတ်နေသလိုပဲ..။ ဘွဲ့ဝတ်စုံ ကလည်း သွေးတွေ စွန်းနေသလို...။ ဒါ... ငါတို့ အပြစ်မဲ့ ကျောင်းသားတွေကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ သမိုင်းပဲ..။ ပန်းချီဆရာက မောင်မြင့်ဌေး.. တဲ့။ လှိုင်က ကျောင်းသားပဲ.. တဲ့။ ရုတ်တရက်.. ကျမ ၀န်းကျင် တ၀ိုက်မှာ သွေးနွေးတဲ့ ကဗျာသမားတွေမို့ထင်ရဲ့.. အဲဒီ ကိစ္စက လေးနက်သွားတယ်။

ကျမက အချစ်တွေ အလွမ်းတွေ အပျော်တွေနဲ့သာ တက္ကသိုလ်ကို ခံစားနေခဲ့ချိန်... တက္ကသိုလ်ဆိုတာ အမှန်တရားအတွက် သွေးစွန်းခဲ့တဲ့နေရာတခု၊ ကျောင်းသားအခွင့်အရေး အတွက် တောင်းဆိုခဲ့ရတဲ့ နေရာတခု.. ကျောင်းသားတွေရဲ့ တာဝန်ဆိုတာထဲမှာ နိုင်ငံမှာ တရားမျှတမှုထွန်းကားရေးလည်းပါတယ်... ဆိုတာတွေကို ပြန်သတိရလာစေခဲ့တယ်။ နောက် အဖေပြောတဲ့ ဆဲဗင်းဂျူလိုင်..။ အဲ့ဒီအခါကျတော့ ငါ့ကို ဇန်န၀ါရီပြန်ပေး.. ဆိုတဲ့ ကဗျာစာအုပ်ခေါင်းစဉ်ကတောင် တကယ့် လွတ်လပ်ရေးအစစ်ကို ပြန်တောင်းလေ သလားလို့ စဉ်းစားမိလာစေခဲ့တယ်။

နောက်တော့ အဲဒီ မျက်နှာဖုံးရေးတဲ့ ပန်းချီဆရာလေး အဖမ်းခံရတယ်တဲ့..။ ကျမစိတ်ထဲ တော်တော် မကောင်း ဖြစ်သွားတယ်။ အဲဒီ မဂ္ဂဇင်းမျက်နှာဖုံးသရုပ်ဖော်ပုံက ဖမ်းရ ဆီးရ လောက်အောင် သက်သေ အထောက်အထားလည်း မခိုင်လုံ..။ ပြီးတော့ ဒါဟာ အနုပညာ လွတ်လပ်ခွင့်လည်း ဖြစ်သေးတယ်။ အဲဒီအချိန်မှာ ကျမ နည်းနည်း လေးနက်လာတယ်။ (ဒါပေမဲ့ နောက် ၁၀နှစ်အကြာမှာတော့ ထောင်က လွတ်လာတဲ့ အဲဒီ မောင်မြင့်ဌေးနဲ့ ခင်သွားပြီး သူ့ကို ကျမရဲ့ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင်" ဆိုတဲ့ RITနောက်ခံ လုံးချင်းဝတ္ထုအတွက် မျက်နှာဖုံးပန်းချီ အပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမျက်နှာဖုံးကို ကျမ သိပ်ကြိုက်ပါ တယ်.. Scan ဖတ်ပြီး တင်ပေးချင်ပေမဲ့ အဲဒီစာအုပ် လောလောဆယ် လက်ထဲမှာ မရှိဖြစ်နေလို့)။ ဒါပေမဲ့ နောက်တော့လည်း လူငယ်သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက် ပါပဲ..။

မေ့မေ့ပျောက်ပျောက်ဆို.. အဲဒီတုန်းက တက္ကသိုလ်ရဲ့ အချိန်တွေကလည်း ကျောင်းသူ ကျောင်းသားလူငယ် တွေကို ဖမ်းစားနိုင်နေသေးတာကိုး။ ဘာပဲဖြစ်ဖြစ်.. ကဗျာစာအုပ်လေးတွေ ထုတ်ခွင့်ရတယ်.. ပန်းချီပြပွဲလေး တွေ လုပ်ခွင့်ရတယ်... ကျောင်းထဲ လွတ်လွတ်လပ်လပ် သွားခွင့်ရတယ်။ အဆောင်ရှေ့မှာ ညည "အဆောင်သူ... အဆောင်သူ.. အလွမ်းပြေ.. ရောက်လာတယ်..." လို့ သွား သွားအော်လို့ရသေးတယ်။ မိုးချုပ်မှ အင်းလျားကန် ပေါင်ပေါ်ကနေ လမ်းလျှောက်ဆင်းပြီး ရိုးမရိပ်သာရှေ့မှာ ကိုတရုတ်ကြီးရဲ့ ၀က်သား တုတ်ထိုးကို ဇိမ်ဆွဲပြီး စားနိုင်ခဲ့သေးတယ်။ (အဲဒီအချိန်က ၀က်သားတုတ်ထိုး တချောင်း တမတ်)။ ပြောချင်တာက.. ကျောင်းအရိပ်မှာ အေးချမ်းနေခဲ့ပါသေးတယ်..ဆိုတာပါ..။

++++++++

၁၉၈၆ဆန်းစ.. ဇန်န၀ါရီလထဲလို့ ထင်တာပဲ.. မာလာမှတ်တိုင်နောက်က ယုဒသန်ခန်းမမှာ ကံ့ကော်ရွာအဖွဲ့ရဲ့ ပန်းချီပြပွဲရှိတယ်။ ထုံးစံအတိုင်း နေ့လယ် အတန်းအားချိန်... ပန်းချီပြပွဲ အပြေးအလွှား သွားကြည့်ရတယ်။ ပန်းချီဆရာတွေ တော်တော်များများပါတဲ့ ပွဲပဲ။ ပန်းချီကားတွေ လိုက်ကြည့်နေတုန်း .. မှတ်မှတ်ရရ ကျမ အဲဒီပွဲမှာ တော်တော် သဘောကျ တာက ညိုဝင်းမောင်ရဲ့ "ခင်ချိုအေး၏အိပ်မက်" ဆိုပြီး ၁..၂..၃.. တပ်ထားတဲ့ ဆာရီယယ် (Surrealism) ကားတွေ။ နောက် ကေမြိုးနဲ့ ဆရာကြီးမြင့်စော..။ နောက် ထုံးစံအတိုင်း ကိုမျိုးမြင့်.. မမွှေး.. ခင်မြဇင်... ခင်ဆွေဝင်း.. ၀င်းသိန်း.. တီးတို.. ကျမသိတဲ့ ပန်းချီဆရာတွေများပါတယ်။ (တချို့ ကျန်နေခဲ့ရင် ခွင့်လွှတ်ပါ)။ ပန်းချီကားတွေ ရပ်ကြည့်နေတုန်း "အမ.. ကဗျာစာအုပ် ၀ယ်ပါလား ဟင်" လို့ ကြားလိုက်တာနဲ့ လှည့်ကြည့်လိုက်တော့ ကောင်လေး လေးငါးယောက် တအုပ်စု..။ လက်ထဲမှာ ကဗျာစာအုပ်လေးတွေနဲ့။ ဘယ်လောက်လဲဆိုတော့ ၁ကျပ်တဲ့ (အဲဒီတုန်းက လက်ဘက်ရည်တခွက်လည်း တစ်ကျပ်)။ ကျမက ရယ်လိုက်ပြီး "အတော်ပဲ... တို့မှာလည်း ကဗျာစာအုပ် ရောင်းစရာရှိတယ်"လို့ ပြန်ပြောပြီး ကျမရဲ့ လွယ်အိတ်ကြီးထဲက ကဗျာစာအုပ်တွေကို ထုတ်လိုက်တော့ သူတို့ စိတ်ညစ်သွားတာပေါ့။ ကျမကို ရောင်းရင် တအုပ်တည်း ရောင်းရပြီး သူတို့က အနည်းဆုံးငါးအုပ်လောက် ပြန်ဝယ်ရမှာကိုး။

အဲဒီနေ့က ကျမတို့ ကဗျာစာအုပ်တအုပ်စီ အပြန်အလှန် လက်ဆောင်ပေးပြီး ကျမဆီက နောက်ထပ် ကဗျာစာအုပ်၃အုပ် သူတို့ ၀ယ်ပါတယ်။ (ဒါပေမဲ့ သူတို့က ဖိတ်တာနဲ့ သူတို့အဖွဲ့ထိုင်နေကျဆိုတဲ့ ယင်းမာမှာ လဘက်ရည်လိုက်သောက်တော့ ကျမပဲ ပိုက်ဆံရှင်းလိုက်ရတာ ပိုတောင်ကုန်သွားသေး)။ သူတို့က လှိုင်နယ်မြေက အောင်လာတဲ့ တတိယနှစ်ကျောင်းသားတွေ... တဲ့။ သူတို့ ကဗျာအုပ်က အတောင့်သား။ ၁၀ယောက်လောက် ရှိတယ်တဲ့။ (အဲဒီနေ့ကစပြီး အဲဒီအုပ်နဲ့ ကျမ အဖွဲ့ကျသွားလိုက်တာ နောက်ပိုင်းမှာ သူတို့နဲ့ ကဗျာစာအုပ်တွေအများကြီး ထုတ်ဖြစ်ခဲ့တဲ့ အထိပါပဲ။) သူတို့ ကဗျာစာအုပ်က ဒီဇိုင်းလှလှကလေး။

ကောင်လေး၅ယောက် အသီးသီး လက်မှတ်ထိုးကြတယ်။ အာကာ... သုထက်ကျော်.. ရွက်နုသစ်... ကိုချို.. ကိုဂျက်...နွယ်သာကီ.. အက်စ်ခိုင်ငြိမ်း၊ H ယင်းမာ.. ဟိန်းသစ်ရည်သိမ်း.. တဲ့။ ဟိန်းသစ်ရည်သိမ်း.. ဆိုတဲ့ကောင်လေး လက်မှတ်ထိုးတော့ ကျမက "မင်းနာမည်က ခေါ်ရ မှတ်ရ ခက်ပါ့.." လို့ ပြောတော့ သူက ကဗျာစာအုပ်ကို ပြင်ဆင်တဲ့ ဒီဇိုင်းနဲ့ ဖယောင်းလက်ရေး ရေးတာ သူပါဆိုပြီး လက်မှတ်ကို ပြတယ်။ (တကယ်တော့ သူက ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ သရုပ်ဖော် ပန်းချီတွေ ဆွဲနေတဲ့သူပါ)။ အဲဒီတော့မှ ပိုဆိုးတာပဲ.. ဗမာစာလို ပီပီသသ စာလုံးတွေပေမဲ့ ဖတ်မရ..။ ကျမက "ဟာ... ဘာကြီးလဲ..." လို့ တမင် ပြောတော့မှ.. "အမကလည်း မှန်ထောင်ဖတ်ပေါ့" ဆိုပြီး ရယ်နေတယ်။ လက်မှတ်ထိုးတာကိုက ပြောင်းပြန်ဇောက်ထိုး။ (အဲဒီ သူ့ရဲ့ လက်မှတ်ကို အဲဒီခေတ် တက္ကသိုလ်က တော်တော်များများ သိကြပါတယ်)။ (အဲဒီလို အတွေးကိုက ခွကျကျနိုင်တဲ့လူမျိုးကို ရည်းစားလုပ်ရမယ်.. အိမ်ထောင်ဖက်အဖြစ် ရွေးရမယ်လို့များ အဲဒီအချိန်လေးမှာ တယောက်ယောက်က နိမိတ်ဖတ်သလို လာပြောခဲ့ရင် ကျမ ရယ်မိခဲ့မှာ ထင်ပါရဲ့)။

အဲဒီနောက်မှာတော့ ဂုဏ်ထူးတန်းကျောင်းသူတယောက်အနေနဲ့ဆိုရင် ကျမ အတန်းလစ်တာက နည်းနည်း များလာပါတယ်။ လှိုင်နယ်မြေထဲက ဗကပကင်တီးမှာ သွား သွား ထိုင် ရတာကို သဘောကျလာတာလည်း ပါပါတယ်။ နောက်တကြောင်းက ကျမရဲ့ ကျောင်းစာတွေကို သိပ်မကြောက်တာလည်း ပါပါတယ်။ နောက်ထပ် အရေးပါတဲ့ တကြောင်းကတော့ ကျောင်းမှာ စာအုပ်စာတမ်း ၀ယ်ရတာတွေ များလာတော့ အမေက ပိုက်ဆံ မတတ်နိုင်တော့လို့ "သမီးရယ်... ဂုဏ်ထူးတန်းပြီးရင် အမေ့ကျောင်းမှာပဲ SAT (အထက်တန်းပြ) ၀င်လုပ်တော့ နော်.. အမေ မဟာဝိဇာတန်းထိ ဆက်ထားမနိုင်တော့ဘူး.. ပြီးရင် Thesis ကလည်း ပိုက်ဆံကုန်မှာ" တဲ့။ အဲဒီတုန်းက B.A(Hons) ဆိုရင် အထက်တန်းပြဆရာမ ဖြစ်ပြီလေ။ တကယ်လည်း ကျမတို့ အဖေက အရာရှိပေမဲ့ လူမှန်မို့ ကျမတို့မိသားစုက အင်မတန် ကျပ်တည်းတာလေ။ ဒါကြောင့် သေချာနေတာက ကျမ ဒီတနှစ်ပဲ ကျောင်းတက်နိုင်တော့မယ် ဆိုတာပါပဲ။ သိပ်ဝမ်းနည်းခဲ့ရပေမဲ့ ကိုယ့်အခြေအနေကို အသိဆုံးမို့ နေလို့ရတုန်း ကျောင်းမှာ တန်အောင်နေမယ်ဆိုတဲ့ ညစ်ကျယ်ကျယ် စိတ်နဲ့သာ ပျော်အောင် နေပစ်လိုက်တာ လည်း ပါခဲ့တာပေါ့လေ။

အဲဒီထဲမှာ အမြတ်ရတာကတော့ တကယ့် ဆရာသမားတွေ.. စာသမားပေသမားဆိုတဲ့သူတွေ.. အနုပညာ တကယ်ခုံမင်တဲ့သူတွေ.. ၀ါသနာတူသူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ တွေ့ခွင့်ရလိုက်တာပါပဲ။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာ ကဗျာအသိုင်းအ၀ိုင်းကြီးက ကြီးလာလိုက်တာ.. တောင်ငူဆောင် ကင်တီးတ၀ိုက်ဟာ ကဗျာစာအုပ်တွေ ပလူပျံထွက်တဲ့ နေရာလို ဖြစ်နေခဲ့တာပါပဲ...။

6 comments:

ရွာသားလေးဝိုင်တီယူ said...

စာပေရပ်ဝန်းဆိုတဲ့ အငွေ့အသက်ကို နွေးထွေးစွာခံစားသွားပါတယ်။ မစီးလိုက်ရတဲ့ အဲဒီအချိန်ရထားကြီးကို ရှန်တိန်လုပ်လို့ရရင် တစ်ခေါက်လောက်ရောက်ဖူးချင်လိုက်တာဗျာ

Moe Cho Thinn said...

ဆရာမရေ
ဖတ်လို့ကောင်းလိုက်တာ။ တခါတည်း တက္ကသိုလ်ဆိုတဲ့ အငွေ့အသက်၊ ပတ်ဝန်းကျင်ကို ရောက်သွားတော့တာပါပဲ။ ကျေးဇူးတင်လိုက်တာ ဆရာမ။

sin dan lar said...

စောင့်ဖတ်နေတယ်နော်ဆရာမ...

M.Y. said...

အမရေ..
ယုဒသန်ကပန်းချီပွဲတွေလွမ်းစရာ..performance art နဲ့  installationတွေဟိုးခပ်စောစောထဲက အဲဒိ ကံ့ကော်ရွာမှာလုပ်ခဲ့တာတချို့ ပြကွက်တွေမျက်စိထဲခုထိမှတ်မိနေသေးတယ်။
ကံကော်ရွာပွဲတွေ အခုမရှိတော့ဘူးနော်
(အင်း ပန်းချီဆရာလေးပါလာပြီ..)

MANORHARY said...

အမရေ..ကိုမြင့်ဌေးတစ်ယောက် ခုတော့ တားရော့ ပန်းချီတွေဆွဲနေတယ်..

မေငြိမ်း said...

စောင့်ဖတ်ကြတဲ့သူတွေကို ကျေးဇူးပါ... မရောက်ဖူးလိုက်ရသူတွေ.. မတက်လိုက်ရသူတွေအတွက်တော့ ကျမစိတ်ထဲ အားနာပါတယ်။ ဒါပေမဲ့ တခါတုန်းက တက္ကသိုလ်ကတော့ မှတ်တမ်းဝင်သင့်တယ်ထင်လို့ပါပဲ..။ ကမောင်ရင်ရေ.. ကံ့ကော်ရွာဆိုတာကို တို့များ ချုပ်မှူးကြီးတွေက ကြားတောင်မကြားချင်လောက်ဘူး။ ပန်းချီဆရာလေးကလည်း မပါမဖြစ်လေ.. ကံ့ကော်တော ကဗျာတခေတ်မှာ သူကလည်း အုတ်ကလေးတချပ်ကိုး။
မနော်ရေ.. ကိုမြင့်ဌေးကို လွမ်းတယ်လို့ ပြောပေးပါ..။ သူ့ပန်းချီတွေ တွေ့ချင်လိုက်တာ....