Oct 24, 2008

မြသီလာအလွမ်းပြေ(၈)

အဓိကပြောပြချင်တာကတော့ ကျမတို့ခေတ် တက္ကသိုလ်ဝန်းကျင်ဟာ ဆရာငြိမ်းကျော် ရေးသလို.. မောင်ဝဏ္ဏတို့ ကိုမင်းလူတို့ ရေးသလို.. နွမ်ဂျာသိုင်းရေးသလို.. မောင်စိန်ဝင်း(ပုတီးကုံး)ရေးသလို.. တကယ်ပဲ နူးညံ့ခဲ့တယ်ဆိုတာကိုပါပဲ..။ ကျမတို့ခေတ်တွေမှာ ကဗျာရေးတဲ့သူတွေ... စာဖတ်တဲ့သူတွေ... ကျောင်းပျော် တွေကို နားလည်တဲ့သူတွေ ရှိပါသေးတယ်။ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ငြိမ်းချမ်းလို့ပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ချစ်သူရည်းစားတွေ ဖြစ်သွားကြလည်း အဖွဲ့ကတော့ အတူ သွားလာမပျက်..။ ရည်းစားတွေပါ အသီးသီး ခေါ်လာပြီး ကင်တီးမှာ စားကြ သောက်ကြ။

သူငယ်ချင်းတစု လကုန်ကာနီး မုန့်ဖိုးတွေ ကုန်လုပြီဆိုရင် တောင်ငူကင်တီး.. အန်းကျိတ်ဆိုင်က ကန်စွန်းပလိန်းကြော်နဲ့ ကြက်ဥမွှေကြော် မှာပြီး.. အလကားရတဲ့ မှန်ရောင်ဟင်းချို ချဉ်စပ်နဲ့ ထမင်း ၀ိုင်း စားလိုက်ကြတာပဲ။ အဲဒီတုန်းက ထမင်းကြော်ကြက်ဥဆောင်း (ရှယ်) တပွဲမှ ၃ကျပ်လေ..။ ကျမက အဖွဲ့ထဲမှာ ဆင်းရဲတဲ့အထဲ ပါတယ်။ တလမှ မုန့်ဖိုး ၁၀၀ ရတာကို စာအုပ်ပါ ၀ယ်ရသေးတာ။ (အဲဒီတုန်းက အဖေ့အရာရှိလစာကမှ ၁၇၀၀..)။ ရည်းစားလုပ်သူကကျတော့ တပတ် ၁၀၀ တောင်ရတာ။ ကျမတို့ထဲမှာ ၄ယောက်လောက်က ပိုက်ဆံရှိပြီးတော့ ၈ယောက်လောက်က ငမွဲတွေ.. ဒါပေမဲ့ သာတယ် နာတယ် မရှိ.. ဒီလိုပဲ ၀ိုင်းပြီး စားကြ သောက်ကြတာပါပဲ..။

ကျမကတော့ အဲဒီရက်တွေမှာ ကဗျာရေး စာရေးလို့တော့ ပိုကောင်းလာသလိုလို ရှိသား..။ အရင်က မပြီးမပြတ်ရှိနေခဲ့တဲ့ ကဗျာတွေတောင် အဆုံးတွေ ဘာတွေ သတ်လို့။ ၀တ္ထုတွေဘာတွေတောင် ရေးဖြစ်သေး။ တနေ့... ခါတိုင်းလို မနက်စောစော.. နွေဦးမှာ နှင်းတွေ မကုန်သေးသလိုလို.. မြူတွေပဲ ဝေနေသလိုလို..။ အဲဒီမနက်မှာ ကံကော်တွေလည်း ပွင့်ကောင်းတုန်း..။ အရှည်ကြီးဆိုင်ရဲ့ တောင်ပိန္နဲပင်တွေ အောက်မှာ ထိုင်ရင်း.. စိတ်ထဲ သာသာယာယာနဲ့ အရင်က မပြီးပြတ်တဲ့ ကဗျာလေးတောင် အဆုံးသတ် နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက် သုံးတတ်ရင် အချစ်ဟာ မောင်းနှင်အားတမျိုး ဖြစ်တယ်ဆိုသလို ထင်ပါရဲ့။


တမ်းချင်း

နှင်းပွင့်ထိရှ
ဟေမန္တတဲ့...
ရင်ဝလာရိုက်
စိုက်လိုက်မတ်တပ်
လှပ်လှပ်ပြေးဆော့
လေအနော့မှာ...။

နှင်းကြားလေအေး
ဟိုးအဝေးက
ဖွဖွပြေးအလာ
ရင်မှာတမ်းဖြစ်
ကံ့ကော်သစ်နဲ့
ချစ်သူ့ပုံရိပ်
တိတ်တိတ်လေး ဝေ
နှင်းတွေနဲ့အတူ
ကလူမူနွဲ့
ဟန်ပန်ဖွဲ့လို့
ကိုယ့်ထံလာ...။

ဆန္ဒကိုမြှူ မွှေးကြူရနံ့
ကံ့ကော်အကူနဲ့
ချစ်သူ့ကိုယ်ပွား
ရင်ကြားတိုးဝင်
ကြင်သူရေ လာခဲ့
ပြည့်စုံတဲ့ ဆောင်းမနက်
တသက်တာ စွဲမက်စရာ
အမှတ်သညာချန်ထား
ဝေးသွားတဲ့အခါ.. လွမ်းရအောင်..။

နှင်းစွက်ကံ့ကော်
မေ့ကို မော်ဖူး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ပိုညက်တဲ့ရသ
ကံ့ကော်ရွာဘဝ
တမ်းတမပြေ
လွမ်းမြဲ.. လွမ်းနေရစေမယ်..။ (၁၉၈၆)

တကယ်တမ်းတော့ သူနဲ့ ကျမက ၀ါသနာတူချစ်သူတွေဆိုပြီး ကိုယ်စာရေးတာ သူဖတ်ပေး သူရေးတာ ကိုယ်ဖတ်ပေးနဲ့ နေမှာလို့ တွေးခဲ့ဖူးသမျှ..။ သူက ကျမ ကဗျာတွေကို မကြိုက်ပါ။ ကျမရေးတာကို ဖတ်ပြီး ပြုံးတာပဲ.. ဘာမှမပြော..။ သူရေးတာက အနုအရွပေမဲ့ သူဖတ်တာက သိပ္ပံဝတ္ထုတွေနဲ့ မင်းသိင်္ခ...။ ၀တ္ထုတိုမှာ ကျော်စွာထက်နဲ့ နိုင်ဇော်ကို ကြိုက်တာလေးတူလို့သာ တော်သေး။ စိတ်ချမ်းသာစရာကောင်းတာတခုက ကျမတို့နှစ်ယောက်က အရင်လိုပဲ သူငယ်ချင်းတွေ အတိုင်း စာတွေ ပေတွေ ကဗျာတွေ ကိစ္စနဲ့ ပတ်သက်ရင် ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြတုန်းပဲ။ ဆိုတော့ တွေးစရာ ခေါ်စရာ မှတ်စရာအသစ်တွေတော့ ရတာပေါ့လေ..။ ၀တ္ထုတိုရေးချင်စရာ အကြောင်းအရာတွေ အများကြီးရခဲ့တဲ့ အချိန်တွေပါပဲ။

အဲဒီရက်တွေထဲမှာပဲ သူငယ်ချင်းတွေက မြှောက်ပေးလို့ သူတို့နဲ့အတူ မဂ္ဂဇင်းတိုက်တွေ လိုက်ကြည့်ရင်း ရှုမ၀ရယ်.. ပေဖူးလွှာရယ်ကို ကဗျာတွေ ၀တ္ထုတွေ ပို့လိုက်သေးတယ်။ (ရည်းစားလုပ်သူက မလိုက်ပါ.. သူက စိစစ်ရေးကိုဖြတ်ပြီးမှ စာရေးရတယ်ဆိုတာမျိုးကို မကြိုက်တာမို့ မဂ္ဂဇင်းတွေကို ဘယ်တော့မှ မပတ်သက်ဘူးလို့ ပြောနေတဲ့သူလေ)။ အဲဒီရက်တွေထဲမှာပဲ ကျမက ကျောင်းဝန်းကျင်ထက်ကျော်ပြီး စာပေလောကဆိုတာကြီးကို ခေါင်းပြူ ကြည့်မိသွားတော့တာ။ အဲဒီတုန်းက စာရေးဆရာတွေအထိုင်များတဲ့ မုတ်ဆိတ်လက်ဘက်ရည်ဆိုင် ထိုင်ရတာကိုပဲ သဘောတွေကျလို့ပေါ့။

အဲဒီရက်တွေထဲမှာပဲ စိတ်လှုပ်ရှားစရာကိစ္စတခုကို ကျမ ထပ် ကြုံရတာပါ။ တက္ကသိုလ်အဆင့်အတွက် နည်းပြဆရာမတွေလိုလို့ အလုပ်စာမေးပွဲဖြေဖို့ ခေါ်တဲ့သတင်းပါ။ တကယ်တော့ ကျမတို့အတန်းက သိပ်ငယ်သေးတာပါ။ ဒါပေမဲ့ ကျမတို့ အတန်းသားတွေပါ လျှောက်လွှာ တင်နိုင်တယ်...တဲ့။ ကျမအတွက်တော့ နောက်ထပ် အိပ်မက်တခုပေါ့။ ဖြစ်နိုင်ချေ နည်းလှပေမဲ့ တကယ်တမ်းသာ အလုပ်ရခဲ့ရင် ကျမ မဟာတန်း ဆက်တက်နိုင်မှာ.. ဆိုတဲ့ အိပ်မက်ပါ ပေါင်းလိုက်တော့ ကျမတယောက် အလုပ်ရှုပ်ရတော့တယ်။ ကြည့်လိုက်တော့ ရေးဖြေဖြေဖို့ တလကျော်လေးပဲ လိုပါတော့တယ်။ ဖြေရမှာ မေလဆန်း..။

+++++

အဲဒီတုန်းက နွေကျောင်းပိတ်ရက်ဆိုတာက တရားဝင်ပေးလိုက်တဲ့ အတန်းနားရက်တွေသာဖြစ်ပြီး ကျောင်းတံခါးကြီး ပိတ်ပစ်လိုက်တာမျိုး မရှိပါ။ ဒါကြောင့် ကျမတို့ ဂုဏ်ထူးတန်း ကျောင်းသူကျောင်းသားတွေ Term Paper ရေးဖို့ နဲ့ အလုပ်ဝင်စာမေးပွဲဖြေဖို့ ကျောင်းကို ခါတိုင်းလိုပဲ လာနေကြရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ နွေပိတ်ရက်မှာ ထူးခြားတာကတော့ ဆယ်တန်းစာမေးပွဲအမှတ်တွေ စစ်တာမို့ ကင်တီးတွေကလည်း ပိတ်တယ်လို့ မရှိပါဘူး။ အဲဒီ နွေတလ.. ကျမနဲ့ အတန်းဖော် သူငယ်ချင်းတသိုက် (၇ယောက်တဖွဲ့) အုပ်စုလိုက် Term Paper ရေးရတာ တဖက်.. အလုပ်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရတာ တဖက်နဲ့ တော်တော် ကြိုးစားလိုက်ကြရပါတယ်။

ကျမအနေနဲ့ အတန်းထဲက သူငယ်ချင်းတွေနဲ့ သေသေချာချာ ခင်သွားတာလည်း အဲဒီ ကာလမှာပါပဲ..။ တကယ်တမ်းးကျတော့ ကျမက လူဆိုးလိုဖြစ်နေပေမဲ့ ကျမရဲ့ အတန်းဖော်တွေက ကျမကို ချစ်ကြသားပါပဲ။ အထူးသဖြင့် ချို .. အေး နဲ့ လေးလေး..။ ကျမ ဘယ်တော့မှ မမေ့မယ့် သူငယ်ချင်းတွေ.. ကျမထက် အသက်နည်းနည်းပိုကြီးကြတော့ ကျမကို အငယ်လိုသဘောထားပြီး အမြဲအလိုလိုက်ကြတဲ့ သူတွေပေါ့။ အဲလို အလိုလိုက်ခဲ့ကြတာ.. နှစ်ပေါင်းများစွာ...။ သူတို့ကို ကျမ ခွဲချန်ထားခဲ့တဲ့ ၂၀၀၅ ဖေဖော်ဝါရီလအထိ ဆိုပါတော့။ (ဘ၀မှာ အဲလို အပေးအယူသဘော လုံးဝမပါဘဲ သိပ်ချစ်ကြတဲ့ သူစိမ်းတွေ ကိုယ့်မှာရှိတာဟာ ဘယ်လောက် ကြည်နူးကျေနပ်စရာ ကောင်းတယ်ဆိုတာကို ကျမ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါ။)

ဒီလိုနဲ့ မေလဆန်းထဲက ရက်တရက်မှာ ရေးဖြေစာမေးပွဲဖြေပါတယ်။ တရက်တည်းကို အထွေထွေ ဗဟုသုတ.. အင်္ဂလိပ်စာနဲ့ မြန်မာစာ ဖြေတာပါ။ ရည်းစားနဲ့အတူ ကျမတို့နှစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်း Hယင်းမာက ကင်တီးမှာ ထိုင်စောင့်နေပေး ပါတယ်။ စာမေးပွဲဖြေအပြီး အပြင်ရောက်တော့ စောင့်နေတဲ့ နှစ်ယောက်က အိုကေလား..တဲ့။ ကျမက "အင်းး မဆိုးပါဘူး.. ဒါပေမဲ့ ခက်တာက အားလုံးက ဖြေနိုင်တဲ့သူချည်းပဲ.. ဖြေတဲ့သူက မြန်မာစာမေဂျာတခုထဲတောင် ထောင်ကျော်တာ..။ အတန်းကြီးတွေလည်း အများကြီးပဲ.. တို့တွေ မရနိုင်ဘူးထင်ပါတယ်.." လို့ ဖြေမိတယ်။ ဟုတ်တယ်.. အားလုံးဖြေနိုင်ကြတာပဲ..။ ဒါနဲ့ပဲ ဖြေပြီးထွက်လာတဲ့ အတန်းဖော်သူငယ်ချင်းတွေနဲ့အတူ ထုံးစံအတိုင်း ကန်ပေါင်ပေါ်တက်.. ကျောက်ဖြူရခိုင်မုန့်တီဆိုင်မှာ ထိုင်။ ဗူးသီးကြော်စား.. အာပူလျှာပူသောက်ရင်း အင်းလျားရဲ့ ညနေကို အပူပင် ကင်းကင်း ခံစားလိုက်တော့တယ်။

(ခုခေတ် အင်းလျားက ဗူးသီးကြော်ဆိုင်.. ကျမတို့ခေတ်တုန်းကတော့ သစ်သားခုံပုလေးတွေနဲ့ပါ)

(အဲဒီ မေလမှာပဲ ကျမရဲ့ ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်.. ပထမဆုံးဝတ္ထုတိုကို ပေဖူးလွှာက ဖော်ပြခဲ့ပါတယ်.. ကျမ မျက်ရည်လည်ရလောက်အောင် ၀မ်းသာခဲ့ရတဲ့ မေလပေါ့.. အဲဒီတုန်းက စာမူခ ၁၀၀ ရတာ.. သူငယ်ချင်းတွေကို အကုန်ကျွေးပစ် လိုက်တာပေါ့။ ဒါပေမဲ့ ရှုမ၀မဂ္ဂဇင်းကို ပို့ခဲ့တဲ့ 'အမရဒဏ္ဍာရီ'ဆိုတဲ့ ၀တ္ထုလေးကတော့ အပယ်ခံရပါတယ်.. )

+++++

ဒီလိုနဲ့ မေလဆန်းမှာ ဒုတိယနှစ်ဝက် ကျောင်းဖွင့်ရက်တွေပြန်ရောက်..။ ဒီနှစ်ဝက်ကတော့ ကျောင်းစာတွေနဲ့ နပမ်းလုံးရတော့တယ်။ ကျမက Literature မှာသာ ချွန်ပေမဲ့ Phonetics & Linguistics ကျတော့ ညံ့တယ်။ အဲဒီအခါကျတော့လည်း အဲဒါကို အားစိုက်ရတာ တဖက်.. ကဗျာစာအုပ်တွေ ထုတ်တဲ့ အရှိန်က တက်လာတာ တဖက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးတန်းမှာ စာမေးပွဲကျရင် ရိုးရိုးတန်း ပြန်ဆင်းရသလိုပဲမို့လား..။ ပိုက်ဆံတွေ ကုန်ထားရတာ.. အမေ့ကို သနားတာပေါ့။

အဲဒီလို ကျောင်းစာနဲ့ စိတ်ပင်ပန်းနေတဲ့ကြားကပဲ ဇူလိုင်လရဲ့ မိုးရေစက်လက် ရက်တွေထဲမှာ ကိုဂျက်နဲ့ ကျမ နှစ်ယောက်တွဲပြီး ကဗျာစာအုပ်လှလှလေးတအုပ် လုပ်ဖြစ်ပါသေးတယ်။ (စာအုပ်နာမည်တော့ မေ့သွားပြီ)။ တမ်းချင်းကဗျာလေးကို အဲဒီစာအုပ်မှာ ထည့်ဖြစ်တာပေါ့။ အဲဒီစာအုပ်ကလေးရဲ့ ထူးခြားချက်က ကျောင်းထဲမှာ တင် အုပ်ရေ ၅၀၀လောက် ကုန်သွားတာပဲ။ ခါတိုင်းဆို အုပ်ရေ ၂၀၀လောက်ပဲ ကုန်လေ့ရှိတာ။ ကျမတို့မှာ ပျော်လိုက်ရတာ..။ အဲဒီ ဇူလိုင်လမှာပဲ ကျမရဲ့ ပြည့်စုံခြင်းကဗျာကို ပေဖူးလွှာမဂ္ဂဇင်းက ဖော်ပြပါတယ်။ အဲဒီဇူလိုင်လရဲ့ တမနက်ခင်းမှာပဲ ကျမတို့ ဖြေထားခဲ့တဲ့ အလုပ်ဝင်ရေးဖြေစာမေးပွဲရဲ့ အောင်စာရင်း ထွက်လာပါတယ်။ ဘုရားရေ.. ကျမ အောင်တယ်..တဲ့။ အေး နဲ့ ချိုတော့ မပါဘူး.. တဲ့။ ပြောလာတဲ့ သူငယ်ချင်းကို သေချာပြန်ကြည့်ပြီး 'ဟေ့... မနောက်နဲ့နော်'လို့ ကျမပြန်ပြောလိုက်သေးတာ..။

ဒါပေမဲ့ တကယ်ပဲ.. ကျမ ရေးဖြေအောင်ခဲ့ပါတယ်..။ နောက်လာမယ့် ၂ပတ်မှာ နှုတ်ဖြေ အင်တာဗျူး...တဲ့။ အဲဒီနေ့က ကျမ သိပ်ပျော်မယ်ထင်ပေမဲ့ ကြောင်တောင်တောင်ကြီး ဖြစ်နေပါတယ်။ ကျမထက်ကြိုးစားတဲ့ ချို နဲ့ အေး မပါတာကို လက်မခံနိုင်သလိုဖြစ်နေပြီး ကျမတို့ထက်အတန်းကြီးတဲ့.. စာကြိုးစားတဲ့(ကျမအသိ) အမကြီးတွေ မအောင်တာကိုလည်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ ဖြေတဲ့သူ ထောင်ကျော်မှာ ၂၅၀ နီးပါး အောင်ပါတယ်။ အဲဒီထဲကမှ အင်တာဗျူးနဲ့ ပြန်ရွေးဦးမှာတဲ့..။ ဒီလိုနဲ့ပဲ ကျမ အင်တာဗျူး ၀င်ရပါတော့တယ်။

+++++

အင်တာဗျူးအတွက် ကျမတို့ ဆံထုံးတွေ ထုံးရ..၊ ဗမာအကျီင်္ ရင်ဖုံးလက်ရှည် ချုပ်ဝတ်ရ..၊။ စိတ်တွေ လှုပ်ရှားရ..၊ ပြီးတော့ ကျမတို့က ကိုယ့် ဘာသာရပ်နဲ့ ပတ်သက်တာတွေ ဖတ်သွား ကျက်သွားလိုက်ရတာ.. တကယ်တမ်းကျတော့ ဘာမှလည်း မမေး..။ ငယ်ငယ်လေး ကတည်းက လူကြီးတွေနဲ့ တွေ့ရင် ကျမနာမည်နဲ့ ပတ်သက်ပြီး အမြဲ ဖြေရ ရှင်းရတတ်ပါတယ်။ ခုနစ်တန်းကစပြီး လူရည်ချွန်အတွက် နှုတ်ဖြေဖြေရတဲ့ အခါတွေမှာ ဆရာကြီးတွေက "သမီးနာမည်က အဆန်းပဲ.. ဘသူပေးတာလဲ.. ဘာလို့ အဲလိုပေးတာလဲ.." ဆိုတဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။ (ကောင်းသား.. တခြားမေးခွန်းသိပ်မမေးဖြစ်တော့ဘူးပေါ့။ ဒီတော့ နာမည်ပေးတဲ့ အဖေ့တောင်ကျေးဇူးတင်ရသေး) ခု ဆရာမ အလုပ် ၀င်ရမယ့် အင်တာဗျူးလည်း ဒီနာမည်ကို အမေးခံရပြန်တာပဲ..။

ဒါပေမဲ့ ကျမမှာ ခွကျတာ တခုတည်း။ မင်း လမ်းစဉ်ပါတီဝင်ပြီးပလား..ဆိုတဲ့ မေးခွန်း..။ ဟင့်အင်း.. ပေါ့။ ((အဖေတောင်မှပဲ ပြန်တမ်းဝင်အရာရှိဖြစ်နေပြီး ပါတီဝင်မဟုတ်ရုံမက ပါတီ့မိတ်ဆွေ ဆိုတာတောင် မဟုတ် (ဒါကြောင့် ရာထူးဆက်မတက်)))။ ဆရာကြီးတွေက ဆက်မေးတယ်.. လမ်းစဉ်လူငယ်ရော.. ဟင့်အင်း..။ သူတို့ ပြုံးကြတယ်။ ပြီးမှ အလုပ်ရရင် ၀င်လိုက်နော် သမီး.. တဲ့။ ဟုတ်ကဲ့..ပေါ့။ (ကြည့်ပါဦး.. တကယ်မေးရမယ့် ဘာသာရပ်ဆိုင်ရာတွေကိုတော့ မမေး.. တကယ်တော့ အဲဒါကိုက တက္ကသိုလ်တွေမှာ စညံ့လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျမ တော်တော်နောက်ကျမှ သိခဲ့ရပါတယ်)။ နောက်တော့.. "ကဲ .. ညည်းကို အလုပ်ခန့်ရင် ဘယ်ဒေသ သွားချင်လဲ.." တဲ့။ ကျမက "သမီးကတော့ ရန်ကုန်မှာပဲ လုပ်ချင်တာပေါ့.. ဒါပေမဲ့ နယ်သွားရမယ်ဆိုလည်း သွားရမှာပါပဲ.. ဒါပေမဲ့ အညာဘက်တော့ မသွားချင်ဘူး.. ပူတယ်"လို့ ပြန်ဖြေတာ..။ ဟီဟိ..။ သူများတွေကတော့ အလုပ်လိုချင်လွန်းလို့ ဘယ်ပို့ပို့ သွားပါ့မယ်... လို့ ပြောတာတဲ့။ ပြီးတော့ ပါတီဝင်မဟုတ်တာလည်း ကျမတယောက်တည်း။ ဒီတော့ ကျမခမျာ.. အောင်စာရင်းကို မမျှော်ရဲ မျှော်ရဲပေါ့..။

ဒါပေမဲ့....... ကျမဘ၀မှာ အမက်မောဆုံး အမြတ်နိုးဆုံး တက္ကသိုလ်က မြန်မာစာဆရာမဘ၀ကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ဆိုတဲ့ ရွှေအိုရောင်နယ်မြေမှာ စခွင့် ရခဲ့ပါတယ်။

(တခါက ပျော်စရာအင်မတန်ကောင်းခဲ့တဲ့ ကျောင်းကြီးပါ - ဓာတ်ပုံက မြန်မာကျူးပစ်ကရတာပါ)

+++++

၁၉၈၆... ဟာ ကံတရားက ကျမကို ပေးတဲ့ လက်ဆောင်ထုပ်လေး တထုပ်ပါပဲ။ ၁၉၈၆ မှာ တကယ့်ဘ၀အတွက် လို့ ရည်ရွယ်မိတဲ့ သူတယောက်နဲ့ ဆုံရတယ်..။ အိပ်မက်ဆန်ဆန်ပဲ မဂ္ဂဇင်းစာမျက်နှာတွေအပေါ် စာရေးဆရာတယောက်အဖြစ် ရောက်သွားတယ်..။ တကယ့်ကို အိပ်မက်ဆန်ဆန်ပဲ အသက် ၂၁နှစ် ကျော်ကျော်လေးမှာပဲ တက္ကသိုလ်က ဆရာမဆိုတဲ့ မယုံနိုင်စရာကောင်းလှတဲ့ အကောင်းဆုံး လက်ဆောင်ထုပ် တခုကို ထပ်ပြီး ရခဲ့ပြန်တယ်..။ တကယ့်ကို ကျမအတွက် ကံတရားက ရွှေရောင်နေ့ရက်တွေ ပေးခဲ့တယ်လို့ ဆိုရမှာပါပဲ..။

(မြသီလာအလွမ်းပြေမှာ ကျမအကြောင်းကို အသေးစိပ်ရေးသလိုဖြစ်နေတာက ကျမတို့ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေကို မြင်စေချင်တာရယ်.. ခုခေတ်နဲ့ မတူတဲ့ အရင်က ခေတ်တခေတ်ကို ရေးပြချင်တာရယ်ကြောင့်ပါ.. နောက်ပိုင်း ဆရာမဘ၀ကို ဆက်ရေးပါဦးမယ်)

13 comments:

ATN said...

ဆရာမ မင်္ဂလာပါ
အမြဲလာလည်ပါတယ်
ခြေရာတော့ မချန်ဖြစ်ဖူး
မြသီလာတွေကို စောင့်ဖတ်နေတာပါ
ကျနော်တို့က မျိုးဆက်တခုထဲဆိုတော့
ခံစားချက်တွေက အတူတူပါပဲ
မြသီလာကို ကျနော်လည်းလွမ်းတယ်
ပျားရည်နေ့ရက်တွေကို ပွေ့ဖက်ခဲ့ရတဲ့ အချိန်ကာလတွေကို တမ်းတမဆုံးပါပဲ

စကားမစပ် ကျနော့် ဒိုင်ယာရီတွေကို ဖတ်တဲ့အတွက်လည်း ကျေးဇူးအထူးပါ

ခင်မင်သော

အောင်သာငယ်

chitpu said...

ဆရာမရဲ့ မြသီလာအလွမ်းပြေက ကျွန်မတို့လို ကျောင်းအရသာကို မခံစားလိုက်ရတဲ့သူတွေအတွက် အတော်ဗဟုသုတရစေပါတယ်။
ဆက်ဖတ်ရန်မျှော်နေမယ်နော်


ချစ်ပုဇင်

tin min htet said...

တီချယ်ကြီး ဒါက မြသီလာ ၈ မဟုတ်ဘူးလား ..
ကျွန်တော့် မိခင်ကျောင်းမဟုတ်ပေမယ့်
ယောက္ခမကျောင်းတော်ကြီး ကိုလဲ ချစ်ပါတယ် :P

ဝင်းပေါ်မောင် said...

မြသီလာအလွမ်း ဘယ်တော့ပြေမလဲလို့ စောင့်ဖတ်နေတာ တော်တော်နဲ့ ပြေမယ့်ပုံ မပေါ်ဘူး။ ဆက်သာ လွမ်းပေတော့ ဆရာမရေ။

နှင်းငွေ့လေးတွေ သဲ့သဲ့ဝဲနေတဲ့ အေးအေးမြမြ မနက်စောစောမှာ တောင်ငူဆောင် အပေါ်ထပ်ကနေ ကံ့ကော်တန်းကို လှမ်းကြည့်ရတဲ့ အရသာကို ဘယ်တော့မှ မမေ့နိုင်ဘူး။ လေကလေး စိမ့်သွားတိုင်း ကံ့ကော်နံ့လေးက သင်းလို့။ ခုလို ဆောင်းလမျိုးမှာပေါ့။

ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ သမီးကို ဖုန်းပေါ်ကနေ `ပျော်ရဲ့လား´လို့ မေးတော့ `သမီးတို့ တက္ကသိုလ်က ဖေကြီးတို့တုန်းကလို မဟုတ်ပါဘူး´ လို့ ဖြေတယ်။ ရင်ထဲမှာ ကျင်ခနဲ ဖြစ်သွားခဲ့တယ်။ သူ့အမေက ကျောင်းသားဘ၀ပုံပြင်တွေကို ပြောပြထားတယ် ထင်ပါရဲ့။

၁၈၇၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ တချိန်က ဂုဏ်ဒြပ်သိပ်ကြီးခဲ့ပေမယ့် ခုတော့ မှုန်ဝါးဝါး ဖြစ်လာနေပြီပေါ့။

တကယ်တော့ ၈၀ ခုနှစ်ကျော် ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ အတော်စုတ်ချာတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဆယ်တန်းအောင်မှတ် နည်းသူ အားလုံးကို စုပြုံထိုးသိပ်ထားတဲ့ အမှိုက်ပုံကြီးလိုပါပဲ။ ဒါပေမယ့် လှနေသေးတယ်။ ကံ့ကော်တောထဲ ရောက်သွားရင် ကျောက်ရိုင်းတွေက အရောင် လက်လာနိုင်သေးတယ်။ ပညာ စေတနာ မေတ္တာတွေ အပြည့် ရှိသေးတယ်။ ဖူးငုံပွင့်သစ်တွေ ဖြစ်နိုင်သေးတယ်။ အနှစ်နှစ်ဆယ်ကြာတော့ အဲဒါတွေကပဲ လွမ်းစရာ ပြန်ဖြစ်လာပါရောလား။

ဆက် လွမ်းပါဦး ဆရာမရေ...

PAUK said...

မမေငြိမ်းရေ..
ဖတ်လို့ကောင်းလိုက်တာ..
(၈)ကဘယ်ရောက်သွားလို့လဲဗျိုးး

Moe Cho Thinn said...

ဆရာမရေ ဖတ်လို့ ကောင်းလိုက်တာ။
RC 2 ကြီးကို တွေ့လိုက်ရတော့ ၀မ်းနည်းလိုက်တာ။ သတိရလို့။ ဆရာမ ဒီပုံတွေ ဘယ်ကရသလဲ။ စာနဲ့ပုံနဲ့ လိုက်ဖက်လွန်းလို့ တကယ်ကို လွမ်းသွားတယ်။

မေငြိမ်း said...

ကိုအောင်သာငယ်..တူတူပါပဲ.. ကျမလည်း လာပေမဲ့ အချိန်တိုင်းတော့ ခြေရာမချန်ဖြစ်။ ဟုတ်ပါတယ်.. မြသီလာကို မလွမ်းတဲ့သူ ရှိမယ်မထင်..။
ချစ်ပုဇင်.. ကျေးဇူးတင်ပါတယ်.. ဆက်ပါ့မယ်။
ငထက်ရေ.. ဟုတ်တယ် .. အလုပ်ရှုပ်တဲ့ကြားက လုတင်လိုက်တော့ နံပါတ်တပ်မှားသွားတာ..။ ဟုတ်တာပေါ့.. ယောက္ခမကျောင်းတော်ကြီးး :)
ကိုဝင်းပေါ်မောင်ရေ.. မြန်မာစာသမားအချင်းချင်းဆို ပိုလွမ်းလို့ကောင်းပေါ့..နော..။
Pauk ရေ.. ကျော်သွားတာ..ဟီးးး ဆက်ဦးမည်.. အားပေးပါ.. :)
ချိုသင်းရေ.. ဓာတ်ပုံ ကျေးဇူးရှင် ငထက်ပေါ့.. အများကြီးပဲ ရထားတယ်..ဟဲဟဲ..။

တန်ခူး said...

မ ရေ… ၆ ရ ၈ တတွဲထဲ ဖတ်ပစ်လိုက်တယ်… အဲလို ဖတ်ရတာ ပိုအရသာရှိသလိုပဲ… မြသီလာအလွမ်းပြေက စာအုပ်လေးထုတ်လို့ တောင် ရတယ်နော် မ… ချစ်တဲ့ တက္ကသိုလ်ရနံ့ လေးတွေ ထုံလွှမ်းနေတော့ အလွမ်းတွေ ပြေလိုက် ထပ်လွမ်းလိုက်နဲ့ … မရောက်ဖူးတဲ့ ခရမ်းပြာ လဘက်ရည်ဆိုင်လေးလဲ လွမ်းတယ်… တောင်ငူကန်တင်းကိုလဲလွမ်းတယ်… ကဗျာစာအုပ်လေးတွေလဲလွမ်းတယ်… ပြီးတော့… ဆွဲဆောင်အားကောင်းလွန်းတဲ့ ကံ့ကော်ပန်းလေးတွေလဲ လွမ်းတယ်…

နှင်းစွက်ကံ့ကော်
မေ့ကို မော်ဖူး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ပိုညက်တဲ့ရသ
ကံ့ကော်ရွာဘဝ
တမ်းတမပြေ
လွမ်းမြဲ.. လွမ်းနေရစေမယ်

သိပ်လှတဲ့ ကဗျာလေးတပုဒ်… ပြီးတော့ မ ရဲ့ အချစ်နဲ့ ဘ၀ ခပ်ပါးပါးလေး လွှမ်းခြုံထားတော့… စာအုပ်ကောင်းတပုဒ် ဖတ်ပြီး မချချင်သလို… ဒီပို့ စ်တွေက ဆွဲငင်သီမ်းရစ်လိုက်ပြီ မ ရေ… မျှော်နေတတ်သူ အလွန်မဟုတ်ပါဘူးနော်….

Anonymous said...

အမမေငြိမ်းရေ ... ဂျစ် တခါမှ မရောက်ဖူးတဲ့ မြန်မာပြည်ကတက္ကသိုလ်အကြောင်း ဖတ်ရတာ သိပ်အားကျစရာပဲနော် ။

မြသီလာအလွမ်းတွေကို ငေးငေးလေးနဲ့ ၀င်ခံစားသွားတယ်း)

သက်ဝေ said...

ဆရာမ...
မြသီလာ ပိုစ့်တွေ အသစ်တစ်ပုဒ် တက်လာတာ ဖတ်လိုက်... လွမ်းလိုက်... အနောက်က အဟောင်းတွေ ပြန်ဖတ်လိုက်... လွမ်းလိုက်နဲ့ ...။
တန်ခူးပြောသလိုပါဘဲ... မြသီလာအလွမ်းပြေကို စာအုပ်လေးထုတ်ပြီး တစ်စိမ့်စိမ့် ဖတ်ချင်လိုက်တာ...။

Kaung Kin Ko said...

လာလည်ပါတယ် ဆရာမ။

ခုခေတ် အင်းလျားက ဗူးသီးကြော်ဆိုင်က စားလို့ လည်းမကောင်းတော့ဘူး။ ဈေးလည်း အရမ်းကြီးတယ်။ ကိုးဆယ်ခုနှစ်လောက်တုန်းကတော့ ဦးလေးတွေနဲ့သွားစားတုန်းကတော့ ကောင်းတယ်။

mm thinker said...

အစ်မရေ
ကျနော်ကတော့ လူလည်ကျပြီး ဒီနေ့မှ ၁ ကနေ ၈ အထိ နောက်ခံသီချင်းငြိမ့်ငြိမ့်လေးနဲ့ ဖတ်ပစ်လိုက်တယ်။

ကျနော်က ဒဂုံတက္ကသိုလ်ကပေမယ့် မကြာခဏ ရန်ကုန်တက္ကသိုလ်ဆီရောက်အောင် လာတတ်ပါတယ်။

နေရာတွေ သေချာမမှတ်မိပေမယ့် ရင်ထဲမှာ အုံ့ဆိုင်းသွားတယ်။ သွားခဲ့ဖူးတာကြောင့် မဟုတ်ပါဘူး၊ ငြိမ်းကျော်တို့ ဝတ္ထုတွေကြောင့်ပါ။

(၁) အစ်မ အစုအဆောင်းကောင်းတယ်။ ကျနော်တို့တုန်းက ထုတ်တဲ့ ကဗျာစာအုပ်ဆို မရှိတော့ဘူး။ :P (မြှောက်ပေးခြင်း)

(၂) အစ်မ မု(ဒ်)ကုန် မထုတ်သေးဘူး ထင်တယ်။ ကော်မန့်တွေကြောင်းရာကို ယွန်းသွားတတ်သလားလို့။ (ရန်တိုက်ခြင်း)

(၃) ကလေးကလားမနေပါဘူး။ ငယ်ရွယ်သွန်းသစ်ကာလတွေ ဖတ်ကောင်းဆဲပါ။ အဲဒီတော့ အကုန်သာရေး အစ်မရေ။ (ဂျောက်ချခြင်း)

:P
သင်ကာ

မေငြိမ်း said...

ဟုတ်ပါရဲ့ မတန်ခူးရယ်.. အလွမ်းပြေအောင် ရေးကာမှ ကိုယ်တိုင်လည်း အလွမ်းမပြေ.. တကယ့်ကို လွမ်းမြဲ လွမ်းနေရစေတယ်..။

ဂျစ်ရေ.. အမှတ်တရဖြစ်စေချင်တာ အဲဒါတွေကြောင့်ပေါ့.. :)

သက်ဝေရေ... အဲလိုအပြောတွေကြောင့် ဆက် ဆက်ရေးနေရ..။ တချိန်တော့ စာအုပ်လေး လုပ်ချင်ပါရဲ့။

ကောင်းကင်ကိုရေ.. ခုကတော့ ဗူးသီးကြော်လည်း အရသာမကောင်းတော့.. ကန်ပေါင်လည်း အရသာမကောင်းတော့.. ခေတ်ကလည်း အရသာမကောင်းတော့။

သင်ကာနော်.. အနာဟောင်းတွေ ပြန်ဖော်ရမှာ.. လာ မဆွနဲ့။ mood ကုန်ထုတ်သုံးလိုက်ရင် ငိုသွားမယ် :P