Oct 23, 2008

မြသီလာအလွမ်းပြေ(၇)


တက္ကသိုလ်.... တက္ကသီလာ...။ နည်းပညာ အတတ်ပညာများ ဆည်းပူးကျင့်ကြံရာ မြတ်သောအရပ်.... တဲ့။ (အတိအကျ ဖွင့်ဆိုချက်မဟုတ်ပါ)

ဒါ့ထက်ပိုတဲ့အနက်ဆိုရင်တော့ ကျယ်ပြောတဲ့ ဗဟုသုတတွေ ရှာဖွေရာအရပ်ပေါ့။ ဒါကြောင့်ပဲ တကယ်လည်း တက္ကသိုလ်ဆိုတာက တင်းကျပ်တဲ့ နယ်ပယ်အကန့်အသတ်တွေ... စည်းမျဉ်းပေါင်တွေကနေ ကင်းလွတ်ပြီး လိုအပ်တဲ့ စည်းကမ်းလေးတွေနဲ့... ကျောင်းသားတွေ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင်နဲ့.. ပညာဆည်းပူးနိုင်ရမယ့်နေရာပဲ ဖြစ်ရမှာလေ..။

+++++

နောက်ပိုင်းကျတော့ "သီရိသူအချစ်ဆုံးမိန်းကလေးအတွက် ကိုယ်ရည်ရွယ်သီချင်းတပုဒ် ဆိုမယ်.." ဆိုတဲ့ မြိတ်သား အဆိုတော်အောင်နိုင်လည်း ကဗျာအုပ်ထဲရောက်လာ..။ ပြက်လုံးတွေ ပြက်တဲ့နေရာမှာ ကင်တီးမှာတင် ပွဲခွင်တခွင် ဖြစ်သွားစေတဲ့ လူရွှင်တော် ဖြတ်ထုံး(Law) ကလည်း ပြက်လုံးတင်ရတာမဟုတ် ကဗျာမှာလည်း နရီ(မြိတ်)ဆိုပြီး အပျံစား။ နောက် ကျမကြိုက်တဲ့ ကဗျာဆရာ ရဲနန္ဒာမိုးဆိုတာကလည်း ခုန လှိုင်နယ်မြေထွက် ကဗျာအုပ်ထဲက တယောက်ပေါ့။ သူကလည်း သိပ္ပံကျောင်းသားကနေ တောင်ငူကင်တီး လာ လာ ထိုင်။ နောက်တော့ မိုးမောင်မောင်... နွယ်သာကီ(မိုးခိုင်).. မင်းထက်ကိုကို.. မောင်သူ.. Hယင်းမာ၊ အက်စ်ခိုင်ငြိမ်း။ မိဆူးပွင့်။ နောက်တော့ မောင်နှမအရင်းလို ချစ်သွားရတဲ့ အံ့ဘွယ်ကျော် (စာရေးဆရာ မင်းကျော်ရဲ့သား.. မြန်မာစာကျောင်းသား..၊ ခုတော့ စစ်ဘီလူးတွေရဲ့ ထောင်ထဲမှာ ၃ခါပြန် ၀င်နေရပြန်ပါပြီ)။ သီချင်းရေးတဲ့ ညီညီသွင်..။ အဲ့ဒီအပြင် ခုထိ စာနယ်ဇင်းလောကထဲ မားမားမတ်မတ် ရပ်နေဆဲဖြစ်တဲ့ ကဗျာဆရာ မင်းထက်မောင်(သူက အဲဒီတုန်းကတည်းက စာနယ်ဇင်းကဗျာဆရာဖြစ်နေပြီ)..။ ပြီးတော့ အဲဒီတုန်းကတည်းက ဘာသာပြန်တွေ ကြိုးစားရေးနေပြီဖြစ်တဲ့ ဖေသက်နီ..။ တခါတလေ.. အဲဒီတုန်းက ဘဲဥလို့ခေါ်တဲ့ ကိုကျော်မြင့်လွင်(ထူးအိမ်သင်)။ သူတို့တွေလည်း အရှည်ကြီးဆိုင်မှာ ပျော်ဝင်ခဲ့ ကြဖူးပါတယ်။

ဘာရယ်မဟုတ် ရောက်တတ်ရာရာ ဖတ်ထားသမျှတွေ ပြောကြ ငြင်းကြ ဆွေးနွေးကြ..။ အဲဒီအချိန်တွေထဲမှာပဲ အင်းလျားကန်ပေါင်အောက် တံတားဖြူမှတ်တိုင်က ခရမ်းပြာ လက်ဘက်ရည်ဆိုင်လေးထိ.. ခြေဆန့်ဖြစ်ခဲ့ ကြတာပေါ့။ အဲဒီ လက်ဘက်ရည်ဆိုင်မှာ အကိုနှစ်ယောက်ရှိတဲ့ ဆယ်တန်းကျောင်းသူလေး ရီရီနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း မိုးမိုးဆိုတဲ့ ကောင်မလေးနှစ်ယောက်က ချောချောလေးတွေ.. မျက်နှာချိုချိုလေးတွေနဲ့။ ကျမတို့က ရီရီ့ကို နာမည်ပေး ထားတယ်.. ချိုစိမ့်လို့။ (နောက်တော့ ကျမနဲ့ ညီအမတွေလို ချစ်သွားခဲ့ကြတာ... နှစ်ပေါင်းများစွာတိုင်..)။

သူ့အကို နှစ်ယောက်မရှိရင် ကျမတို့က "ရီရီ.. မိုးရဲရင် ဆောင်းရဲရမယ်.." လို့ ဆိုပြီး စကြတယ်။ အဲဒီတုန်းက ခရမ်းပြာမှာ မဇ္ဈိမလှိုင်းက ကိုရဲလွင်ကို တွေ့ရတတ်တယ်.. နောက် ကိုနေ၀င်း ကိုခင်ဝမ်း...။ ကျမကတော့ ဆိုင်ထဲမှာ သူတို့ရှိရင် ပျော်နေတာပဲ..။ တခါတုန်းမှာ ကိုခင်ဝမ်းက စားပွဲအစွန်းမှာ ဖန်ခွက်တခွက်ကို ကျလုကျခင် တင်ပြီး ငြိမ်ကြည့်နေတော့ ကျမက "အား...ကိုခင်ဝမ်း ဖန်ခွက်ကျတော့မယ်.."လို့ စိတ်ပူပြီးလှမ်းပြောမိတယ်။ အဲဒီမှာ ကိုခင်ဝမ်းက "ဟော.. တွေ့လား... ဖန်ခွက်ကလေးရဲ့ အော်သံကို မေငြိမ်းတယောက်ပဲ ကြားတယ်.. အဲဒါ Sense ပဲ " လို့ ပြောဖူးတာကို အမြဲ သတိရတယ်။

ခရမ်းပြာလက်ဘက်ရည်ဆိုင်လေးနဲ့ ပတ်သက်ပြီးး ကျမ ဘလော့မှာ တခါ ရေးခဲ့ဖူးပါတယ်။ ဆိုင်နံရံက သစ်သားချောင်းလေးတွေ ခပ်ကျဲကျဲကာထားတာမျိုးမို့လို့ အပြင်ကို ချောင်းကြည့် သလို မြင်နေရတာ..။ နောက် အင်းလျားကန်ပေါင်ရိုးကို လှမ်းမြင်နေရတာ..။ ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ပေါင်လှေကားထစ်တွေကနေ ဆင်းလာကတည်းက မြင်နေရပြီ။ ပြီးတော့ အဲဒီဆိုင်လေးမှာက သီချင်းငြိမ့်ငြိမ့်လေးတွေပဲ ဖွင့်တာ များတယ် လေ..။ ခရမ်းပြာက တံတားဖြူမှတ်တိုင်နဲ့ကလည်း နီးနီးလေးမို့ ပြန်ဖို့လည်း အဆင်ပြေတယ်လေ..။ ခရမ်းပြာ မှာကတော့ ကဗျာမရေးဖြစ်။ (ဒါပေမဲ့ နောက်ပိုင်း ကျမ ၀တ္ထုရေးတော့ ခရမ်းပြာကနေ inspiration ရလာတဲ့ ဇာတ်လမ်းတွေ ရေးဖြစ်ခဲ့ပါတယ်)။

အဲလိုနဲ့ ကဗျာရပ်ဝန်းကြီးဖြစ်လာတော့ ကျမလည်း ကဗျာတွေတော်တော် ရေးဖြစ်လာတာပေါ့။ နောက်ပိုင်းကျတော့ ကဗျာစာအုပ်လေးတွေကို ၀ယ်ချင်စဖွယ်ဖြစ်အောင် လုပ်တာတို့ RC(အပန်းဖြေခန်းမ)မှာ တင်တာတို့ပါ လုပ်လာနိုင်ကြပါတယ်။ ကဗျာစာအုပ်မှာ တကယ့် ပန်းအစိုလေးတွေကို အရာထင်အောင် ကပ်တာတို့.. ဒီဇိုင်းလှလှလေး ဆွဲတာတို့ လုပ်ကြပါတယ်။

နောက်ထပ်သတိရစရာကတော့ အဲဒီတုန်းက ကျောင်းအပြန် အချိန်ရပြီဆိုရင် ကျမက တကူးတကပဲ.. မဂိုလမ်း (ရွှေဘုံသာလမ်း) အလယ်ဘလောက်မှာရှိတဲ့ လမင်းတရာစာအုပ်ဆိုင်ကို ၀င်ပြီး ဖတ်ချင်တဲ့ စာအုပ်တွေ ငှားရတယ်။ အဲဒီဆိုင်က ကိုအေးဝင်းက ခပ်အေးအေး..ပြီးတော့ စာဖတ်ချင်တဲ့သူကို သူစိတ်ချပြီဆိုရင် သူသိမ်းထားတဲ့ စာအုပ်တွေ ထုတ်ထုတ်ငှားတာ..။ မှတ်မှတ်ရရ.. ကြည်အေးဝတ္ထုတွေ.. ဒဂုန်တာရာ့စာတွေ.. စုံအောင်ဖတ်ရတာ သူ့ဆီက။ ရှုမ၀မဂ္ဂဇင်းတွေ အတွဲလိုက်ဖတ်ရတာလည်း သူ့ဆီက..။ နိုင်ငံရေးစာအုပ်တွေ ဖတ်ရတာလည်း သူ့ဆီက..။ သူပြောတဲ့ စာအုပ်အကြောင်းတွေ နားထောင်ပြီးမှ အောက်ဘလောက်မှာရှိတဲ့ ကျမရဲ့ အိမ်ကို ပြန်ဖြစ်တာ။ ကျမက ကျောင်းစာထက် အပြင်စာအုပ်တွေပဲ ဖတ်ချင်နေတဲ့အချိန်ဆိုတော့ လမင်းတရာနဲ့အကိုက်ပေါ့။

ကျမ ကဗျာစာအုပ်တွေထုတ်ဖြစ်တော့ ကိုအေးဝင်းကို ကြွားတာပေါ့။ မှတ်မိသေးတယ်။ ကိုအေးဝင်းက ကျမကို ကဗျာတွေ မဂ္ဂဇင်းတွေဆီကို ပို့ပါလားလို့ စပြီးပြောတဲ့သူ။ ဒါပေမဲ့ ကျမစိတ်ထဲတော့ မဂ္ဂဇင်းဆိုကြီးက ကိုယ်နဲ့ အလှမ်းဝေးလှတယ်ပဲ ထင်ပါတယ်။ တခါမှလည်း စိတ်မကူးဖူးဘူး။ ကိုအေးဝင်းကို "မဖြစ်ပါဘူးအကိုရာ.. ကြောက်ပါတယ်.." လို့ ပြန်ပြောခဲ့တာ..။ အဲဒီအချိန် ဂျူးတို့ မအိတို့လက်ရာတွေနဲ့ ကိုယ့်မတောက်တခေါက် ကဗျာတွေ ယှဉ်တွေးရင်ကို မဖြစ်နိုင်ပါဘူးလို့ပဲ တွေးမိတာလေ။ (ဒါပေမဲ့ အဲဒီအချိန်တုန်းက စိတ်ထဲမှာ နည်းနည်းတော့ အားရှိသွားတာ တကယ်ပါ.. ကိုအေးဝင်းလို စာဂျိုး(စာချိုး)ကြီးက ပြောတာဆိုတော့) ။ (ဒါကြောင့် တကယ် မဂ္ဂဇင်းတွေကို ပို့ဖို့ စိတ်ကူးကြည့်မိစေခဲ့တာ ကတော့ ကိုအေးဝင်းက စတယ်ဆိုပါတော့၊ နောက်အနားမှာရှိတဲ့ ကဗျာအတူရေးဖက် သူငယ်ချင်းတွေ အားပေးတာလည်း ပါတာပေါ့)။

တခါတလေမှာတော့ လူတွေ ကိုယ့်ဝန်းကျင်လေးကို စွဲလန်းတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘ၀ကြောင်းနဲ့လည်း အများကြီး ဆက်စပ်နေမယ် ထင်ပါတယ်။

အဲလိုနဲ့ပဲ ၁၉၈၆ ရဲ့နွေဦးကို ရောက်လာတယ်။ မှတ်မှတ်ရရ နွေကျောင်းပိတ်ရက်(Mid term) နီးလာချိန် မတ်လထဲမှာပေါ့။ ထုံးစံအတိုင်း မနက်စောစော လက်ဘက်ရည်ဆိုင် ထိုင်နေတုန်း ... အဲဒီရက်တွေထဲ ကံ့ကော်တွေလည်း ပွင့်နေကြတုန်း... ကျမ ရည်းစားစကား အပြောခံ ရပါလေရော။ ဟို ခွကျကျကောင်လေး... ဆိုတာပေါ့။ ပန်းချီလည်း ဆွဲ.. ကဗျာလည်းရေး.. လူလေးက ဖြူဖြူပျော့ပျော့ မျက်မှန်လေးနဲ့၊ ကျမထက်လည်း ၁၁လ ငယ်သေးတယ်။ ပြီးတော့ အဲဒီကောင်လေးက အဖွဲ့ထဲမှာ ကျမနဲ့ စကားပြောမတည့်ဆုံး... ။ သူက မော်ဒန်.. ပို့စ်မော်ဒန်ကမှ တကယ်ကောင်းတဲ့ အနုပညာလို့ တရားလွန် ငြင်းတတ်သူ..။ သူက စာဖတ်ကလည်း နာတော့ ငြင်းပြီဆို အကိုးအကားနဲ့၊ ကပ်တီးကပ်ဖဲ့။ ကျမက စွာကလည်း စွာ.. ပြီးတော့ ကိုယ်ကြိုက်တဲ့အနုပညာဟာ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အနုပညာလို့ သတ်မှတ်သူ။ ဆိုတော့ သူနဲ့ ထိပ်တိုက်တွေ့ရနေကျ..။ (အဲဒါကလည်း မြသီလာနဲ့ ကျမရဲ့ ဘ၀မှာတော့ အရေးပါတဲ့ ဇာတ်ကွက်တကွက် ဖြစ်ခဲ့ပါတယ်)။

တကယ်တမ်းမှာ အဲဒီအချိန်တုန်းက ကျမက ကဗျာနဲ့ ပတ်သက်ရင် မောင်လင်းရိပ်.. ဇေယျာလင်း.. စန်းဦး တို့ ပြီးရင် သူ့ကဗျာတွေကိုတော့ အကြိုက်ဆုံးလေ..။ သူရေးတာတွေက သူများနဲ့ မတူဘူး.. အတွေးက သစ်တယ်။ အများစုက အချစ်ကို ရိုးရိုးလေးရေးတဲ့အရွယ်မှာ သူက "မီးလျှံဖြူ" ဆိုပြီး အိပ်မက်ထဲကို ရောက် ရောက် လာတတ်တဲ့ နတ်သမီးတပါးကို စွဲလန်းမိတဲ့ အချစ်ကို ရေးတယ်.. အဲလိုမျိုး။ အဲဒီတုန်းက အသက် ၂၀အရွယ် ကောင်လေးတယောက် အနေနဲ့တော့ သူရေးတာလေးတွေကို တော်တော် ကောင်းတယ်လို့ ကျမ သတ်မှတ်ခဲ့ပါတယ်။ ကျမမှာ ရှိနေတဲ့ သူ့ကဗျာလေးနှစ်ပုဒ်ကို သူ စာစီခဲ့တဲ့အတိုင်း တင်ပေးလိုက်ပါတယ်။

မိုးတနေ့ရဲ့ မိုးပုံပြင်

မိုးစက်တွေ သစ်ရွက်ပေါ်ကျတော့
သစ်ရွက်တွေ မြူးတူးစွာ ကခုန်
လေပြေက အဲဒီပုံပြင်ကိုပြော
နေ့တကြောလုံး မဆုံးတော့ချေ။

တစက်ကျလာလိုက်..
ကကြိုးတခု ဖန်ဆင်းလိုက်
နောက်ထပ်တစက်ကျလာလိုက်
နောက်ထပ်ကကြိုးတခု ဖန်ဆင်းလိုက်...။

(ဟေ့ လေပြေလေညင်းရေ...

မင့်ပုံပြင်က မဆုံးသေးဘူးလား...)

အို... မဆုံးနိုင်ပါဘူး.....
မိုးစက်တွေအများကြီး
သစ်ရွက်တွေကလည်း အများကြီး...။

(ဟိန်းသစ်ရည်သိမ်း- ၁၉၈၅ )

နောက်တပုဒ်....

တမ်းတမိုး

လေအငြိမ်
လှုပ်တိမ်းယိမ်းမြက်တို့
ခေါင်းမတ်ထူမော့ချိန်မှာ

မိုးမည်းတို့ ကျလာပြန်ပေါ့။

ကလေးရေ...
ဆယ်စုနှစ်တစ်ခုရဲ့
ဝေးခဲ့... တေလေသာ
ငါ့စိတ်တွေသာ ရောက်ပြန်ပေါ့
သူ့ဆီ။

မိုးမပီတဲ့ မိုးကိုမုန်းတယ်။
သစ်ရွက်တွေကို ရင်ချင်းကပ်
သိတတ်သူတို့အပါးမှာ..။

မင်းဟာ
ငါပျောက်ဆုံးခဲ့တဲ့ ကဗျာ
မာရ်နတ်ခိုးယူသွားခဲ့
အရွယ်နဲ့အတူ။
ဘုရားသခင်သိမ်းယူသွားခဲ့
နာကျည်းမှုနဲ့အတူ။
ငလျင်တို့ထူပြောတဲ့
ဘ၀ထဲ
ခဏလေးပဲ အငြိမ်။

မင်းဖို့ အိမ်ကလေးဆောက်ခဲ့
ပြိုခဲ့ရှာ
စိမ်းသစ်စွာသော ခေါင်မိုးများ
နံရံများ၊ ကြမ်းခင်းများ
အရောင်မဲ့ သစ်ပင်တို့ကြားမှာ။

ပြာလွင်သောကောင်းကင်ကို ရှာခဲ့
ဟောဒီလို စိမ်းတဲ့ မိုးညမှာ
ခမျာ သူဟာ အရောင်ဆွံ့ရှာတယ်
တိတ်ဆိတ်ကြေကွဲစွာ
ထီးတည်း အခန်းငယ်မှာ တမ်းတ
နှစ်လည်ညမို့ မဟုတ်ပါ။

ဟောဒီမှာ.. မင်းနှုတ်ခမ်းက
မျိုးယူပျိုး၊ လှူတဲ့ပန်း..သစ္စာတွေ
မိုးရေထဲ
အအေးမိ၊ နာဖျား၊ တဆတ်ဆတ်တုန်
လမ်းအကြုံ
ငါမြတ်နိုးတဲ့အကြည့်တစုံ
မဆုံချင်လိုက်နဲ့ ကလေးရေ။

ဆယ်စုနှစ်တခုရဲ့
တခုသောဇူလိုင်ရဲ့ လွမ်းညမှာ
မိုးခါးများ သွန်းချပြန်ပြီ။

(ဟိန်းသစ်ရည်သိမ်း-၁၉၈၆)


9 comments:

M.Y. said...

မိုးပုံပြင် ကဗျာနရီ နဲ့ စကားလုံးတွေ က ခေတ်သစ်ကိုစောညိန်း လို့  တောင် ပြောရမလိုပဲ။

မေငြိမ်း said...
This comment has been removed by the author.
မေငြိမ်း said...

အင်းး ဟုတ်သား ကမောင်ရင်..သူက မိုးကိုတော့ တကယ်စွဲပုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင် အမမှာရှိတဲ့ ကဗျာ၂ပုဒ်က မိုးဖြစ်နေတယ်။

လင်းဒီပ said...

ဆရာမရေ..အဲဒီကဗျာနှစ်ပုဒ်လုံး ကျွန်တော်ဖတ်ဖူးတယ်..အိပ်မက်တွေကိုချည်တဲ့ကြိုး ကဗျာစာအုပ်လေးထဲမှာ...
အဲဒီတစ်အုပ်လုံးကောင်းတယ်လေ...
ဘာပဲဖြစ်ဖြစ်ပြန်ဖတ်ခွင့်ရတာ ကျေးဇူးပါဗျာ..

janet said...

မြသီလာအလွမ်းပြေ ဖတ်ပြီး အတိတ်ကိုလမ်းလျှောက်ထွက်လိုက်တာ ပြန်လည်နုပျိုသွားတဲ့အတွက် မေငြိမ်း ကိုကျေးဇူးတင်ပါတယ်။ ကိုယ်က မေငြိမ်းထက် တက္ကသိုလ်ကို ၁၀နှစ်စောရောက်လို့ ကိုယ်တို့တုန်းက ပိုပျော်စရာ ကောင်းတယ်ဆို မေငြိမ်း ငြင်းမလား။
အလွမ်းဆုံးက အနုပညာအသင်းပဲ။ ကိုယ်သာ မေငြိမ်း လိုစာရေးတတ်ရင် ကောင်းမှာပဲ။

Moe Cho Thinn said...

အဲဒီခေတ်တုန်းက အနုပညာတွေ ဖွံ့ဖြိုးခွင့် အခုလောက် မဆိုးသေးတော့ ဆရာမတို့ သူငယ်ချင်းတွေအားလုံး အနုပညာနဲ့ ပျော်ရွှင် ခံစားခွင့်ရခဲ့တာ အားကျစရာပါ။ ကိုယ့်နေရာနဲ့ ကိုယ်မှာတော့ အောင်မြင်တဲ့ အသိအမှတ်ပြုခံရခဲ့သူချည်း။ ပျော်စရာနော် ဆရာမ။
မိုးကဗျာလေး ၂ပုဒ်လုံး ကြိုက်တယ် ဆရာမ။

မေငြိမ်း said...

လင်းဒီပရေ.. ဟုတ်ပါတယ်.. အဲဒါ တဖွဲ့လုံးနီးပါးပါပဲ..။
Janet.. ယုံတာပေါ့..။ ဆရာတွေ အကိုတွေက ပြန်ပြောပြနေကျလေ..။အနုပညာအသင်းကတော့ ကျမနဲ့ သိပ်မပတ်သက်ဖြစ်ခဲ့ဖူးပါဘူး။ သွားငေးရုံလောက်ပဲ..။
ချိုသင်းရေ.. အခုခေတ်ကလေးတွေကို ပြောပြချင်တာက တကယ့်စိတ်နှလုံးနဲ့ ရူးရူးမူးမူး လုပ်ခဲ့ကြတယ်ဆိုတာလေးတွေကိုပါ..။

PAUK said...

မမေငြိမ်းရေ..
မိုးတစ်နေ့ရဲ့ မိုးပုံပြင် ကို ကြိုက်တယ်။။

Monster said...

ဖန်ခွက်ကလေးရဲ့ အော်သံကို မေငြိမ်း တစ်ယောက်ပဲ ကြားတယ်...

ခိုက်တယ်ဆရာမရယ်.. ဟားဟား..

ကိုခင်ဝမ်းကြီး အမှောင်ကိုထွန်းညှိမယ့်မီးအိမ် သီချင်းကို ကဗျာရွတ်သလို ဆိုလို့ မကျေနပ်သမျှ ဒီစကားနဲ့ ပြန်ချေလိုက်ပြီ..