Oct 29, 2008

မြသီလာအလွမ်းပြေ(၉)

လှိုင်တက္ကသိုလ်ဟာ ကျောင်းသူဘ၀တုန်းက ကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့တဲ့ နေရာ။ အဆောင်ကင်တီးက ပန်းဝတ်ရည်စာအုပ်ဆိုင်မှာ ကျောက်ချထိုင်ပြီး ကျောင်းဝင်းနဲ့ အဆောင် ကင်တီးကြား နေပူပူအောက်က ခြောက်သွေ့သွေ့ ကွင်းပြင်ကျယ်ကိုတောင် ချစ်စရာလို့ မြင်ခဲ့ရတဲ့ ကျောင်း။ အဲဒီကျောင်းကို ဆရာမအဖြစ် ရောက်သွားတော့ရော...။ ကျမအတွက်တော့ ဘာမှ မပြောင်းလဲပါဘူး။ ဒါဖြင့် ဘာတွေက ပြောင်းသွားရသလဲ..။
+++++
ဆရာကြီး ဆရာမကြီးတွေက ဆရာမပေါက်စတွေ ငယ်လွန်းလို့ ဆံထုံးထုံးရမယ်တဲ့။ ဒါမှ ကျောင်းသားတွေ ဟန့်မယ်တဲ့။ ဒီလိုနဲ့ ကျမမှာ ဆံထုံးတခါထုံးရင် လက်မြှောက်ရတာ ညောင်းတောင် ညောင်းပါရဲ့။ ဆံညှပ်ကလစ်ကလည်း တဒါဇင်လောက် ကုန်တယ်။ ကျမဆံပင်က အထူကြီး.. ပြီးတော့ ခါးလယ် တော်တော် ကျော်တာမို့ ဆံပင်ကို ဆံထုံးလို သိမ်းလို့ တော်တော်နဲ့ မရ။ နောက်ဆုံးတော့... အမေရော အဖွားပါ စိတ်ညစ်ပြီး ဆံပင်သာ ဖြတ်တော့ဆိုလို့ ဆံပင်တွေ ဖြတ်လိုက်ရတာ.. ဖြတ်မယ့်ဖြတ်တော့ ပခုံးလောက်ပဲ ကျန်ရော။ အဲဒါကတော့ ဆရာမဘ၀မှာ ကျမ ပထမဆုံးပေးဆပ်လိုက်ရတဲ့အဖြစ်။ ဆံပင်တိုသွားတော့ ဖြတ်ကနဲခေါက်ပြီး ပိုက်ကလေးနဲ့ ဆွဲအုပ်လိုက်တော့ ဆံထုံးဖြစ်ရော..။ အေးတော့ အေးသွားတာအမှန်။ (တကယ်တမ်းမှာ ကျောင်းသားတွေ ဟန့်တာက ဆံပင်ပုံစံနဲ့ မဆိုင်မှန်းသိတော့ နောက်ကျခဲ့ပြီ။) :(
နောက်တဆင့်.. ကျမ အင်မတန်ချစ်တဲ့ ကျောင်းလွယ်အိတ်ကို မလွယ်ရတော့ဘူး။ ပခုံးသိုင်းအိတ် ပြောင်းလွယ်ရတော့တယ်။ အမလေး... တကယ့် အဖွားကြီးအို ပေါက်စ လေးလိုပေါ့..။ နောက်ထုတ်တဲ့ စည်းကမ်းက အရင်လို ကင်တီးမှာ ကြာကြာမထိုင်ရ.. တဲ့။ ဌာနမှူးက ကျမကို စောင်းပြောနေသလိုပဲ.. ဟီး.။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီဌာနမှူးက ကျမ နည်းပြဆရာမ စဖြစ်တဲ့ ကာလဦး လှိုင်တက္ကသိုလ်မှာ ၁၉၈၆ ကနေ ၁၉၉၅ထိ ၁၀နှစ်နီးပါး အတူ လုပ်ခဲ့ရပြီး ကျမ ဆရာမဘ၀ထဲက ထွက်တော့မယ့် ၂၀၀၅ ကျတော့လည်း ဒဂုံတက္ကသိုလ်မှာ သူက ပါမောက္ခ.. ကျမက ကထိကဘ၀နဲ့ တွဲလုပ်ခဲ့ရတာ.. ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ)။
၁၉၈၆ ဒီဇင်ဘာ(၅ရက်နေ့ထင်တာပဲ)မှာ နှစ်သစ်စာသင်တန်းတွေ ပြန်ဖွင့်တော့ ကျမတို့တွေ ဆရာမအသစ် ချပ်ချွတ်တွေအဖြစ် စာသင်ခန်းတွေထဲ ၀င်ရပြီပေါ့။ ကျောင်းမဖွင့်ခင် နိုဝင်ဘာဒီဇင်ဘာ နှစ်လလုံး သင်ကြားရေးအတွက် မွမ်းမံသင်တန်းတွေ တက်ထားပေမဲ့ ကျမတို့တွေ အတန်းဝင်ဖို့ ကြောက်နေခဲ့ကြပါတယ်။ ပိုဆိုးတာက ကျောင်းဖွင့်စမှာ စသင်ရမှာက သဒ္ဒါပိုင်း..။ ကျမ အပျင်းဆုံး အပိုင်းပေါ့။ ပြီးတော့ ကျောင်းးသားတွေကို ဆွဲဆောင်ရခက်တဲ့ သင်ခန်းစာတွေ..။ ၀ါကျဟူသည်အဘယ်နည်း..တို့၊ နောက်ဆက်တို့... ပစ္စည်း..တို့.. ။ အိုးး စိတ်ညစ်ပါ့။ မှတ်မှတ်ရရ ရှိတာက ကျမ တာဝန်ယူရမယ့် အတန်းတွေက ရူပဗေဒ တန်းခွဲ(၁) နဲ့ သတ္တဗေဒ တန်းခွဲ(၁)။ (တချို့တပည့်တွေကို ခုထိမှတ်မိသေးတယ်)။ အဲဒီ အစောပိုင်း စာသင်ရက်တွေဟာ တော်တော်ကို မသေမသပ်နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ရက်တွေပါပဲ..။ ခုချိန်မှာ ပြန်တွေးကြည့်ရင် အဲဒီရက်တွေအတွက် မကြာခဏ စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ (ဒါပေမဲ့ အချိန်တိုတို စာသင်သက် တလကျော် လောက်မှာပဲ ကျမက စာသင်ခန်း တွေနဲ့ အံဝင်ခွင်ကျဖြစ်သွား ခဲ့ပါတယ်)။
(မြန်မာစာဌာနရဲ့နောက်နားမှာ ရှိပြီး တချိန်က အင်မတန်စည်ကားခဲ့တဲ့ ကန်သာယာစားသောက်ဆိုင်- မြန်မာကျူးပစ်ကရတဲ့ ပုံပါ)
ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ကျောင်းသူတပိုင်းမို့ မိန်းထဲက ကိုယ်တက်ရမယ့် အတန်းတွေနဲ့ လှိုင်က ကိုယ်ပြန်သင်ပေးရမယ့်အတန်းတွေကြား ပြေးလွှားမောပမ်းခဲ့ရတာ။ အဲဒီကြားထဲ ရည်းစားဖြစ်သူကလည်း ဖိုင်နယ်ကျောင်းသားမို့ သူ့ကိုလည်း အချိန်ခွဲပေးရ သေးတာလေ။ ငယ်စဉ်ဘ၀မှာတော့ အဲဒါကလည်း တာဝန်တခုလို ဖြစ်တာကိုး.. နော်။ ပိုဆိုးတာက ကိုယ်က ဆရာမဖြစ်သွားတော့ သူနဲ့ နည်းနည်း ကွာဟသလို ဖြစ်သွားမှာစိုးလို့ နည်းနည်း ပိုဂရုစိုက်ရတာလည်း ပါပြန်တယ်။ အဲဒီအချိန်တွေမှာ စိတ်ပင်ပန်းရတာကတော့ တကယ့် အမှတ်တရပါပဲ။
အဲဒီရက်တွေထဲမှာ ကဗျာတွေလည်း မရေးဖြစ်..။ သင်ကြားရေးအတွက် ပြင်ဆင်ရတာရယ်.. ကိုယ်သင်ယူရတဲ့ စာတွေကို ပြင်ဆင်ရတာရယ်..။ ခုပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက သေသေချာချာမှ စာသင်ပေး နိုင်ခဲ့ရဲ့လားဆိုတာကိုပဲ မသေချာတော့။ (အင်း အဲဒီ ၁၉၈၆-၈၇ စာသင်နှစ်က တပည့်တွေ ဖတ်မိရင်တော့ ခွင့်လွှတ်တန်ကောင်းပါရဲ့)။ သေချာတာတခု ကတော့ ကျမ တတ်နိုင်သလောက်တော့ သင်ပေးဖြစ်ခဲ့မယ် ဆိုတာပါ။ ဘာလို့လဲဆိုတော့ ကျမက သိပ် စာသင်ကောင်းချင်တာ။ ပြီးတော့ သူများနားမလည်မှာ စိုးရိမ်စိတ်နဲ့ သေချာ သင်ပေးချင်စိတ်လည်း ရှိလို့ပါ။
ဖြစ်ချင်တော့ ၁၉၈၆-၈၇ စာသင်နှစ်ဟာ ၁၀တန်းစနစ်ဟောင်းတွေရဲ့ နောက်ဆုံးနှစ်အဖြစ် အအောင်များခဲ့ ကြတာမို့ ကျောင်းသားထဲမှာ အသက်၂၀ တော်တော်ကျော်နေတာတွေ ပါလာပါတယ်။ အဲဒီအခါ ကျမတို့ ဆရာမပေါက်စတွေက ငယ်ငယ် .. (ပြောလို့ပြောတာမဟုတ်.. ဆရာမလေးတွေက ငယ်ဂုဏ်ကြောင့်ထင်ပါရဲ့.. ကြည့်ကောင်းတာ များတယ်.. တကယ်ပြောတာပါ :))။ ကျောင်းသားတွေထဲမှာလည်း ဆရာမတွေထက် အသက်ပိုကြီးတာတွေတောင် ရှိလာပါတယ်။ လှိုင်တက္ကသိုလ်ရဲ့ ကော်ရစ်ဒါ တလျှောက်မှာ .. "သဒ္ဓါက ပိုသည်... ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ" ဆိုတာတွေ၊ "အို... ဆရာမရယ် အိမ်ကိုပြန်မလွှတ် နဲ့ အရင်နေရာက နည်းနည်းနာလာတယ်.." ဆိုတာတွေ..ခဏခဏ ကြားနေခဲ့ရတဲ့ အချိန်တွေပေါ့။
ကျမအတွက် ကဗျာပိုးကို ပိုတိုးစေတာကတော့ ကဗျာဆရာ(စာရေးဆရာ) (ရွှေမြိုင်) မင်းသိုက်မွန် က တဌာနတည်းမှာ ရှိနေလို့ပါပဲ။ သူကတော့ နည်းနည်းပိုပြီး မော်ဒန်ကို လိုက်စားနေချိန်ပေါ့။ ကြည်အေး ရေးတာက  Existentialism လို့ သူက ပြောတော့ ကျမက "မဟုတ်ပါဘူး... Realism ပါ" လို့ ငြင်းခဲ့ကြရာက ကျမက "ကြည်အေးရဲ့ လက်တွေ့သရုပ်မှန် စာပေ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဌာနတွင်း စာတမ်းဖတ်ပွဲမှာ စာတမ်းတစ်စောင် ဖတ်ဖြစ်ခဲ့တာ မှတ်မိနေပါသေးတယ်။ သူနဲ့ကျမလည်း တကယ့်ပြောမနာဆိုမနာ မောင်နှမအရင်းလို..၊ သူ့ဇနီး မတူးမာနဲ့ ကျမနဲ့လည်း ညီအမအရင်းလို.. ခုတော့ အကို့ခမျာလည်း ဆုံးရှာပါပြီ။ သူဟာ တကယ်တော်တဲ့ မြန်မာစာဆရာတယောက်၊ ပြီးတော့ ကဗျာသမား..၊ ပြီးတော့ အေးအေးနုနုလေး နေချင်တဲ့သူ။ မူးရင်တော့ စိတ်ကျတတ်တဲ့သူ။ ဒါပေမဲ့ ဘ၀ကတော့ ထုံးစံအတိုင်း ရုန်းကန်ပင်ပန်းရ..။ သူက ပြောဖူးတယ်.. "မြန်မာစာဆရာများ ဘာမှ လုပ်စားမရ.. ကဗျာဆရာလည်း ဘာမှ လုပ်စားမရ.. မေငြိမ်းရာ... ငါတို့ဘ၀တွေ အနည်းဆုံး လူလေးစားခံရရင်တောင် တော်တော် နေလို့ ကောင်းဦးမှာနော် "တဲ့။ သူဆုံးတော့ အသက် ၄၅.. (ထုံးစံအတိုင်း အသည်းရောဂါပဲပေါ့)။ အဲဒီတုန်းက ဌာနမှာ နောက်ထပ် ကျမလေးစားရတဲ့တယောက်က ဆရာ ဦးတိုးတင့်(ပါဠိပါရဂူဦးအောင်မိုးရဲ့သား)။ အဲလိုပဲ သိပ်အေးချမ်းနူးညံ့ပြီး စာဖတ်နာသလောက် စာသင်ကောင်း တဲ့ ဆရာတယောက်။ သူတို့က ရွယ်တူတွေ။ သူတို့တွေက ကျမထက် အသက်ကြီးကြတော့ ၀ါသနာတူ အကိုတွေလို။ ခုတော့ သူလည်း ဆုံးရှာပြီ။ (အင်းး အသည်းရောဂါပါပဲ)။
+++++
အဲဒီတုန်းက မနက်ပိုင်းကို ကျမတို့ တောင်ငူဆောင်မှာ အတန်းတက်ရပါတယ်။ နေ့လယ်မှာတော့ လှိုင်ကိုလာပြီး ကိုယ့်အတန်းတွေ ၀င်ရပါတယ်။ ကျမက သူများထက် ပိုတဲ့တာဝန်က ညနေ၅နာရီလောက်မှာ Practical ပြီးမယ့် ရည်းစားကို မိန်းထဲမှာ ၀င်ကြိုရတာပါပဲ။ (သူက နေ့လယ် လှိုင်ကို လိုက်ပို့ရတော့ ကိုယ်က ကြိုရတာပေါ့)။ နောက်တကြောင်းက သူ့ကို ကြိုရင်း ကျမတို့ ကဗျာအုပ်တွေ စုကြ ဆုံကြတာပါပဲ။ အဲဒီတုန်းက ကဗျာသမားစုံတွဲတွေဖြစ်တဲ့ ကိုမိုး(မိုးမောင်မောင်)နဲ့ မပူစူးတို့စုံတွဲ.. သက်မောင်ခိုင်နဲ့ ခိုင်တို့စုံတွဲ.. ကျမတို့စုံတွဲ.. အဲလိုကလည်း ဆုံချင်ကြသေးတာလေ..။ ဘာရယ်လည်း မဟုတ်.. တောင်ငူကင်တီးမှာပဲ စကားတွေ စုပြောကြ။ စုံတွဲအချင်းချင်း စိတ်ကောက်ကြရင်လည်း သူငယ်ချင်းတွေကပါ ၀င်ကူချော့ပေးကြ။ တခါတလေ.. ကန်ပေါင်ပေါ် လမ်းလျှောက်.. နေ၀င်ချိန်ကို ထိုင်ကြည့်ကြ.. အဲလို။
(အင်းလျား)
အဲဒီတုန်းကတော့ ကဗျာအယူအဆတွေ ငြင်းရင်း ရန်ဖြစ်ရတာကလွဲလို့ တခြားသောကတွေ မရှိခဲ့ကြ။ ဆင်းရဲ ကျပ်တည်းတာတောင် အထူးအဆန်း မဟုတ်ခဲ့ကြ။ လူတန်းစားကွာဟမှုကလည်း သိပ်မရှိသေး။ ကျမတို့ အဖွဲ့ထဲမှာ အများစုက ညွှန်ကြားရေးမှူးသားသမီးတွေ... ပါမောက္ခ သားသမီးတွေဆိုပေမဲ့ အားလုံးလိုလိုက ပိုက်ဆံကို တိုင်းတိုင်းတာတာနဲ့ သုံးနေကြရသူတွေချည်းပါ။ သူဌေးသားသမီးဆိုသူတွေကတောင် သိပ် ပပ လွှားလွှား မရှိခဲ့ကြသေး။ (အဲဒါက ၈၈ နောက်ပိုင်းခေတ်နဲ့ မတူတာတွေပါ..။ ၈၈နောက်ပိုင်းကို ရေးတဲ့အခါမှာ ပြောပါဦးမယ်..)။
ဒီတော့ ကဗျာကိစ္စနဲ့ ငြင်းကြရင်ကို အသည်းအသန် ရန်ဖြစ်ကြတော့တာ။ အဲဒီ အငြင်းအခုန်က ကျမအတွက်တော့ နောက်ပိုင်း ကျမရဲ့စာသင်ခန်းတွေမှာ စာပေဝေဖန်ရေးဘာသာကို သင်ပေးရတော့ ဖြန့်ထွက် တွေးစရာ အမြင်တွေအဖြစ် သုံးနိုင်ခဲ့ပါတယ်။ အဲဒီရက်တွေထဲမှာ ကျမ ဆရာမ ဖြစ်သွားတဲ့အတွက် ပတ်ဝန်းကျင်က ပိုကြီးလာပါတယ်။ ဆေးတက္ကသိုလ်က ကျောင်းသားတွေက လှိုင်ကိုလာပြီး ကဗျာတောင်းလို့ ကဗျာစာအုပ်စုထုတ်တဲ့အထဲလည်း ကျမပါခဲ့ပါတယ်။ ကျမကတော့ ခြေထောက်မှာပဲ ဗွေပါသလား.. ဒါမှမဟုတ်.. ကဗျာရေးတယ်လို့ကြားလိုက်ရင်ကို သွေးနီးသလိုဖြစ်ပြီးတော့.. နောက်ပြီး ဆေး(၂)က သူငယ်ချင်းတွေ အားကိုးနလည်း ပါပါတယ်။ ကဗျာသမားတွေနဲ့ တွေ့ဖို့ဆိုပြီး... ဆေး(၂)ထိ သွား သွား လည်သေးတာ။ အဲသည်တုန်းက ထိုင်ခဲ့တာ မင်္ဂလာဒုံ ဆေး(၂)ကျောင်းဝင်းရှေ့က "Blue Bird" ဆိုတဲ့ ဆိုင်ကလေး ထင်ပါ့.. ။ (မှားရင် ပြင်ပေးကြပါ) ။
အဲဒီ စိတ်အင်အားတွေနဲ့ .. နောက်တော့ inspiration ရတာတွေနဲ့ ကျမ ၀တ္ထုတိုတွေတော့ တော်တော် ရေးနိုင်ခဲ့တာ။ ၁၉၈၆၊၈၇ မှာကို ၁၀ပုဒ် ကျော်သွားတယ်။ နောက်ပိုင်းမှာ လုံးချင်းဝတ္ထုတွေ ရေးနိုင်ခဲ့တာလည်း အဲဒီလို ကျောင်းသူ ကျောင်းသားတွေနဲ့ နီးစပ်ခဲ့တဲ့ အနေအထားကြောင့် လို့ ပြောရမှာပါ။ (အထူးသဖြင့် "သီချင်းနှင်းဆီ"ပေါ့)။
+++++
တကယ်တော့ ဆရာမတယောက်အနေနဲ့ ပြောရရင် ကျမဟာ တော်တော် မတည်ငြိမ်တဲ့ ဆရာမတယောက် ဖြစ်ခဲ့ပါလိမ့်မယ်။ ကျောင်းသားတွေနဲ့ ကင်တီးထိုင်.. ကဗျာစာအုပ်ကိစ္စတွေ လုပ်..။ ဆရာမဖြစ်တဲ့အထိ ကဗျာစာအုပ်တွေလည်း လိုက်ရောင်းနေသေး။ အင်း... ဆရာမတာဝန်ကို ကျေလို့သာ.. ဘာမှ ပြဿနာမဖြစ်ခဲ့ပေမဲ့ လူကြိုက်တော့ တော်တော် နည်းခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ စိတ်နဲ့ပဲ နီးစပ်လို့လားမသိ.. စာသင်ခန်းတွေမှာတော့ ကျမရဲ့ ဆရာမဘ၀က အောင်မြင်ခဲ့တယ်လို့ ရဲရဲ ပြောရဲပါတယ်။ နောက်ထပ် ကျေနပ်စရာကောင်းတာကတော့ အဲလို ရှုပ်ထွေးတဲ့ ကိစ္စ၀ိစ္စတွေကြားကပဲ ကျမက ဂုဏ်ထူးတန်းစာမေးပွဲကို အောင်ခဲ့သေးတာပါပဲ။
+++++
ဘာပဲဖြစ်ဖြစ် "မြသီလာ" ဆိုတာဟာ.. အေးမြတဲ့ အရိပ်အာဝါသကိုပေးတဲ့ ကျောင်းတော်။
ဆိုရင်... ကျမအတွက်တော့ လှိုင်တက္ကသိုလ်ဟာလည်း ကျမရဲ့ ဒုတိယမြသီလာ..။


16 comments:

Moe Cho Thinn said...

ဟုတ်တာပေါ့ ဆရာမ။ အောင်မြင်ခဲ့တာပေါ့။
ဒါကြောင့်မို့ ဆရာမ စာသင်ရင် အတန်းမှာ လူအပြည့်နဲ့။ ဆရာမလို ငယ်ငယ်ချောချောကို ကျောင်းသားတွေက ခေါ်တာ အမေ တဲ့။ :)

M.Y. said...

အမေဆရာမရေ..
ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ် ခဲ့ဖူးတဲ့ လှိုင် နယ်မြေ အကြောင်းဖတ်ရတာ လွမ်းစရာအပြင်၊ သံဆူးကြိုးတွေခပ်ထားတော့ ရင်နာပြီး၊ ဒေါသဖြစ်စရာလဲကောင်းပါတယ်။
အဲဒိ ဓာတ်ပုံထဲက လူငယ်ကန်တင်းရှေ့က လမ်းမမှာတစ်ချိန်က ကျောင်းသားတွေ လွတ်လပ် ပျော်ရွှင်စည်းကားလို့ ။ ၄၅ ကားဂိတ်က၀င်တဲ့ Cash အရှေ့မှာအမတို့ မြန်မာစာဌာနနော်။ အဲဒိက ခပ်နွဲ့ နွဲ့  မြန်မာစာ ဆရာလေးအကြောင်းတော့မပါပါလား။ :D
အခုတော့ လှိုင်တက္ကသိုလ်ကို ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်း မူလတန်း၊ အလယ်တန်းအဖြစ် အဆင့်မြင့်ထားတယ် လို့ ကြားတာပဲ။
သေချာတာကတော့ လှိုင်ဟာ တက္ကသိုလ်မဟုတ်တော့ဘူး။

tin min htet said...

ပြီးရင် ချိုသင်းတို့ မဲဇာအကြောင်း လာတော့မယ် :P

မူကြိုဆိုင်းဘုဒ်နဲ့ အာစီတူးပုံ ကျွန်တော့်မှာရှိသား ..
တီချယ်ကြီး စိတ်မကောင်းမှာစိုးလို့ မပေးတာ :(

ငထက်

Steve Evergreen said...

thanks for the post and the song I like very much. But what I know was only May Khalar's version.

Anonymous said...

်ခပေါင်းဆောင်မှာနေရတဲ့အချိန်ကျတော့ လှိုင်တက္ကသိုလ်က သိပ်ခြောက်သွေ့နေခဲ့ပြီ။ အင်း...တစ်ချိန်တုန်းက သိပ်ပျော်စရာကောင်းတယ်ဆိုတာ ဆရာမစာတွေဖတ်ရမှ ပြန်တွေ့ရတော့တယ်။

မေငြိမ်း said...

ချိုသင်းရေ.. တကယ်တော့ အောင်မြင်တယ်ဆိုတာ စာသင်ကောင်းလို့ဆိုတာထက် တကယ်ပဲ ကလေးတွေနဲ့ နီးစပ်လို့ ဖြစ်မှာနော်..။ ကလေးတွေက ပိုသိမှာ..ဟုတ်တယ်မို့လား..။ ပြီးတော့ အဲဒီတုန်းကတည်းက အမေခေါ်ခံရလို့ စောစော အိုသွားတာနေမှာ :D (မှတ်မိသေးတယ်.. အဲဒါ ထွန်းထွန်းမြင့်နဲ့ မိုးသွင်သွင်က စလိုက်တာ)။

ကမောင်ရင်..နောက်ဆက်ပြီး လှိုင်အကြောင်း ရေးရမှာက ငိုချင်စရာတွေချည်းပါပဲ။ တကယ်ပဲ လှိုင်ကို မူလတန်း ကျောင်း လုပ်ပြီးမှ အမတခေါက်ရောက်တယ်။ တကယ်ပဲ မျက်ရည်ကျခဲ့ရတယ်..။ လှိုင်ဟာ အပစ်ပယ်ခံထား ရတဲ့ ဟောင်းနွမ်းတဲ့ အဆောက်အဦးအိုကြီး သက်သက်..ဖြစ်နေပြီလေ။ (ဆရာနွဲ့နွဲ့လေးက သူငယ်ချင်းပဲ..ဒါပေမဲ့ မချစ်လို့ မထည့်တော့ဘူး :D)

ငထက်နော်.. ဓာတ်ပုံတွေအကုန်ပေး.. မရဘူး။ အဲလိုသုံးမှ မှတ်တမ်းဖြစ်မှာလေ။ ဓာတ်ပုံမပါလည်း စိတ်မကောင်းစရာတွေ ရေးရမှာပါပဲ ငထက်ရာ..။

steve evergreen .. ဟုတ်တယ်.. ကျမ မေခလာသီချင်းလိုချင်တာ.. မရလို့။ ဒါလေးပဲ တင်ထားလိုက်ရတာ။ ဒါတောင် ညီမလေး တူးတူးသာကျေးဇူးနဲ့။

ရွာသားလေးရေ.. ပျော်စရာကောင်းတာရော အဓိပ္ပါယ်ရှိခဲ့တာတွေရောပေါ့..။ တကယ်တော့ ဒင်းတို့က တက္ကသိုလ်ဆိုတာကို အဓိပ္ပါယ် မရှိတော့အောင် လုပ်နေကြတာလေ..။

သက်ဝေ said...

ဆရာမ...
၁၉၉၅ ရန်ကုန်တက္ကသိုလ် စိန်ရတု တုန်းက ထုတ်တဲ့ တချိန်တုန်းက တက္ကသိုလ် သီချင်းခွေထဲက သီချင်းတွေ လိုချင်ရင် ပေးပါရစေ...။

မေ said...

အမရဲ့ မြသီလာ အလွမ်းပြေကို လိုက်ဖတ်ရင်း သီချင်းနှင်းဆီကို နောက်တစ်ခါ ပြန်ဖတ်ဖြစ်လိုက်တယ်။ btw, banner လေးနဲ့ ခုရေးလက်စ မြသီလာအလွမ်းပြေနဲ့ အရမ်းလိုက်တာပဲ :)

သက်ဝေ said...

ဆရာမ...
ဘာနဲ့  ပို့ ပေးရင်ကောင်းမလဲဟင်...
E mail နဲ့  တစ်ပုဒ်ချင်းစီ Attached လုပ်ပြီးပို့ ပေးရင် ရမလား...။
ဆရာမရဲ့  E mail လေး သိပါရစေ...။

သက်ဝေ said...

အိုး... မျက်စေ့ အလွန်ရှန်းသော သက်ဝေပါ...။
ဆရာမ E mail ရပါပြီ...။ ခု ပို့ လိုက်ပါ့မယ်နော်...။

Anonymous said...

အင်း လွမ်းတော့ လွမ်းတယ်။ တက္ကသိုလ်ကို ဟုတ်ဘူး။ မြန်မာပြည်ကို အဟင့်။

လင်း said...

ဆရာမရေ ဖတ်ရတာလွမ်းစရာကောင်းလိုက်တာ။ ဓါတ်ပုံလေးကြည့်ပြီး လူငယ်ကင်တန်းလေးကိုလည်း လွမ်းသွားတယ်။ကြူကြူမာလားသေချာတောင်မမှတ်မိတော့ဘူး လူငယ်က စားပွဲထိုးကောင်မလေးလေ။ T4 ကိုလဲလွမ်းတယ်။ ကျောင်းထဲက အချိန်တွေ အားလုံးကို လွမ်းတယ်။

mm thinker said...

အစ်မရေ
(၁) ကျနော်က ဒဂုံတက္ကသိုလ်ကို ၉၇ မှာ ရောက်တာ ဆိုတာ အစ်မ မရှိတော့ဘူးပေါ့။
(၂) ကျောင်းမှာ ဆရာမလေးတွေက ငယ်တယ်။ မကြာခင်တုန်းကလို ကန့်သတ်ချက်တွေ ထပ်မထွက်ခင်တုန်းက စီနီယာမမတွေနဲ့ ခွဲမရဘူး။ သူငယ်ချင်းက ရည်းစားစကားလိုက်ပြောတာ ဆရာ/ဆရာမ နားနေခန်းထဲ ဝင်သွားမှ ပြေးပေါက်မှားခဲ့တာ မှတ်မိတယ်ဒ
(၃) “ကြည်အေးရဲ့ လက်တွေ့သရုပ်မှန် စာပေ” ရှိရင် တင်ပေးပါ။
(၄) ဆရာမင်းသိုက်မွန်ကို ကျနော်တော့ မမီဘူး။ ကျနော့်ထက် နောက်ကျတဲ့ ခဂ္ဂ (ဟိုမရောက် ဒီမရောက် ကဗျာဆရာ) တို့တော့ မီတယ်။ အလွန်အေးတဲ့ဆရာတဲ့။ စာသင်ခန်း အပြင်မှာ တပည့်တွေနဲ့ လည်ပင်းဖက်ပေါင်းပေမယ့် သူဆုံးခါနီးမှ မင်းသိုက်မွန်မှန်း သိကြသတဲ့။ ဆရာက မူးနေရင် အတော် ငိုင်သတဲ့။

လေးစားစွာဖြင့်
သင်ကာ

မေငြိမ်း said...

လင်းရေ..ဒါတောင် လွမ်းသမျှ အကုန်မရေးဖြစ်သေး.. ကြွေလွန်းလို့...။

သင်ကာရေ...comment လေးတွေကိုက အချက်အလက်လေးတွေပဲ..ကျေးဇူး။
ကြည်အေးစာတမ်းက ရှိတော့ဘူး။ ၁၉၈၉ကတည်း ကလေ။ မင်းသိုက်မွန်အကြောင်းကြားရင် ခုထိ စိတ်ထိခိုက်တုန်းးး လူတော်တွေကို အလဟဿ ဆုံးရှုံးရတာပဲ။

တန်ခူး said...

မ ရေ… မ အလုပ်စ၀င်တဲ့နှစ်က ကျွန်မတို့  တက္ကသိုလ်စရောက်တဲ့နှစ်ပေါ့…
လှိုင်မှာသာတက်ရရင် မ တပည့်ဖြစ်ခွင့်ရမှာ…
မြန်မာစာဆရာမလေးတွေက သိပ်ချစ်ဖို့ ကောင်းတာ…
ဆံထုံးလေးတွေနဲ့  မြန်မာအကီင်္ျလေးတွေနဲ့ သိပ်ကျက်သရေရှိတာ…
မ ရေ… မြန်မာပြည်က စာရေးဆရာအများစု အသည်းရောဂါနဲ့  ဆုံးသွားတတ်ကြတယ်နော်…
လူတော်တွေ အရက်သောက်ရင် သိပ်နှမျောတာပဲ မ ရယ်…

PAUK said...

မမေငြိမ်းရေ..
အခုမှပဲလာဖတ်ဖြစ်တော့တယ်..
၁၀ ကို ဆက်ဖတ်လိုက်ပါဦးမယ်..