Oct 16, 2008

အချစ်ဆိုတာ....

အချစ်ဆိုတာကို ခုလို အသက်၄၀တော်တော်ကျော်လာတဲ့အချိန်မှာ ပြန်ကြည့်တော့ တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ် အခြေခံမှ ဖြစ်မှာပါလားလို့ မြင်ပါတယ်။
ပြန်တွေးကြည့်တော့ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်တုန်းက အချစ်လို့ ထင်တဲ့ ခံစားချက်တွေကို ဖယ်လိုက်ရင် အချစ်ကို သေသေချာချာစတွေ့တာ ၁၇နှစ်အရွယ်..။ အဲဒီလူကို စွဲစွဲလန်းလန်းဖြစ်ခဲ့တာ တော်တော် အံ့သြစရာကောင်းပါတယ်။ သူ့ကို ဘာကြောင့် စွဲစွဲလန်းလန်းချစ်မိတယ်မသိ။ သူဟာ တော်တော် စိတ်ပျက်စရာအကျင့်စရိုက်တွေလည်း ရှိသေးတယ်။ ပြီးတော့ သူက ကိုယ့်ကို ချစ်လား မချစ်လားလည်း ခုထိ မသိ။ (သူကတော့ ကိုယ်ချစ်မှန်းသိပါတယ်)။ သံယောဇဉ်တော့ ရှိပုံရသား။ အဲဒီလူကို ချစ်သူဖြစ်ခွင့်မရဘဲ ဆွေးဆွေးမြေ့မြေ့ ချစ်နေခဲ့တာ ၅နှစ်လောက် ကြာခဲ့တယ်။ အဲဒီ အချိန်တုန်းကတော့ အချစ်ဆိုတာက အံ့သြစရာကောင်းပြီး ကိုယ်က ချစ်နေရင်ပြီးတာပါပဲ...လို့ ရှိခဲ့တယ်ထင်တာပဲ။ ထူးခြားတာက သူ့ကို ပိုင်ချင်စိတ် မရှိခဲ့တာပဲ။ ဒါပေမဲ့ အဲဒါ အချစ်ဆိုတာတော့ သေချာခဲ့ပါတယ်။ နောက်တော့လည်း အချစ်ဆိုတာက မေ့ပျောက်သွားတတ်ပြန်ရော..။
နောက်တော့ နည်းနည်းရင့်ကျက်တဲ့ အသက်၂၀အရွယ်မှာ တကယ်ချစ်ပြီလို့ ထင်တဲ့သူ တွေ့ပြန်တယ်။ သူနဲ့ တဘ၀စာ အတူနေသွားရရင် ကောင်းမှာ...လို့ တွေးခဲ့မိတယ်။ 'ဘ၀မှာ အနုပညာသာ အခရာ..'လို့ ထင်နေခဲ့တဲ့အချိန်ပေါ့။ သူက အနုပညာအားကောင်းသူ။ ကျမအထင်ကြီးတဲ့အချက် သဘောကျတဲ့အချက် တော်တော်များများ ရှိသူ။ တော်တော်လည်း စွဲစွဲလန်းလန်း ရှိခဲ့သား။ တကယ်တော့ ချစ်သူတွေဘ၀အနေနဲ့တော့ ကျမကသာ ခပ်များများ မှားခဲ့သူ။ အနုပညာကို သူက ဘ၀အဖြစ် တောက်လျှောက် မမှားမယွင်း ရွေးချိန် ကျမကတော့ နောက်ပိုင်းမှာ အနုပညာထက် လက်တွေ့ဘ၀ လိုအပ်ချက် ဆိုတာတွေကို ဦးစားပေးခဲ့တယ်။ ကျမကသာ ပြောင်းလဲခဲ့သူ။ (ဒီလိုနဲ့ ကွဲလွဲခြင်းတွေ အများကြီးနောက်မှာ လမ်းခွဲကြတော့ ဓါးစာခံသားတယောက်သာ ကြေကွဲစရာ ကျန်ခဲ့တယ်)။ ဒီတော့လည်း တွေးမိပြန်တယ်.. အချစ်ဆိုတာက အဲလို ပျက်သုဉ်းသွားတတ်သလားပေါ့။
အဲဒီအခါကျတော့ အချစ်ဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရွေးချယ်စဉ်းစားလို့ မရဘူးလို့ မြင်လာပြန်ရော။ တကယ်တော့ အချစ်ဆိုတာက နူးညံ့သလောက် ဘ၀ဆိုတာကတော့ ကြမ်းတာကိုး။ (ဒေါ်)ခင်နှင်းယု ရေးဖူးတဲ့ "ချစ်သူကို လရောင်အောက်မှာ ရှာပြီး ဘ၀ဖော်ကို နေရောင်အောက်မှာ ရှာရတယ်"ဆိုတာကို သတိရနေခဲ့လျက်နဲ့ပေါ့..။
အသက်၃၀ကျတော့ ဘ၀က တော်တော်အနယ်ထိုင်ပြီ ထင်သား။ တော်တော် စုံတဲ့ နာနာကျင်ကျင် အတွေ့အကြုံတွေနဲ့ မိန်းမတယောက်ဟာ.. သူရပ်တည်ရာဝန်းကျင်အလိုက် ထိန်းသိမ်းရတဲ့အနေအထားနဲ့.. ဗမာ့လူအဖွဲ့အစည်းထဲမှာတော့ အင်မတန်ဒုက္ခများတဲ့ တခုလပ်ဆိုတဲ့ နာမကိုလည်း ယူထားရသေး။ အဲဒီအရွယ်မှာ အဟန့်အတားကြားက ဖြစ်နိုင်ချေလည်း အင်မတန်နည်းတဲ့ အချစ်ဆိုတာကို တွေ့နိုင်ပြန်ပါတယ်။ အရွယ်အရ တည်ငြိမ်မှု.. အတွေ့အကြုံတွေအရ ရင့်မာမှုတွေနဲ့ အဲဒီအချိန် စွန့်စား ရင်ဆိုင်ရတဲ့ အချစ်ကျတော့ လေးနက်ခိုင်မာမှု ပိုများနေသလားပဲ..။ ဒီလိုနဲ့ ... ခု အသက် ၄၀တော်တော် ကျော်လာတဲ့အခါကျတော့ ... အချစ်ဆိုတာက တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ် အခြေခံမှ ဖြစ်မှာပါလားလို့ မြင်လာတာပါပဲ။
တကယ်တမ်းဖြစ်နိုင်ရင်တော့..
ကျမဘ၀မှာ သူ့ကိုပဲ ချစ်ခဲ့.. သူ့ကိုပဲ လက်ထပ်ခဲ့.. သူနဲ့ပဲ တသက်လုံး အတူ လက်တွဲခဲ့... ဆိုတာမျိုးကို သိပ်လိုချင်တာပါပဲ။ (မတန်ခူးတို့လိုပေါ့)။ ဘယ်လောက် စိတ်ကြည်လင်လိုက်မလဲ..။ ဒါပေမဲ့ 'အချစ်'ဆိုတာ ကလည်း တခါတလေ ကုသိုလ်ကံနဲ့များ တွဲလာလေသလားပေါ့။
အချစ်ကို တွေ့ခဲ့ဖူးသမျှကတော့ အသက်အရွယ် အချိန်အပိုင်းအခြားကိုလိုက်ပြီး အနည်းနဲ့အများ ပူလောင်တာတော့ အမှန်ပါပဲ..။ အဲဒီပူလောင်မှုကိုပဲ တွန်းအားတခုလို သုံးနိုင်ဖို့တော့ လိုတယ်ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်.. အချစ်နဲ့နေရတာဟာ ရှင်သန်မှုကို တွေ့ရတာတမျိုးပဲလို့တော့ ယုံတယ်။
(မတန်ခူးရေ.. Tag ထားတာလေး ရေးလိုက်ပီ)

14 comments:

MANORHARY said...

အမရေ..တစ်ဘ၀မှာတစ်ယောက်ပဲချစ်...တစ်ယောက်ပဲ
တွဲ..တစ်ယောက်ပဲလက်ထပ်တော့ရော..တစ်ဖက်က
ရောင်ပြန်ညီမှပျော်စရာကောင်းတာပါ...ချိန်ခွင်လျှာမညီ
တော့......

Kaung Kin Ko said...

အချစ်အကြောင်း အတွေ့ အကြုံတွေ ဖတ်သွားပါတယ် ဆရာမ။

Steve Evergreen said...

အချစ်ဆိုတာကို ခုလို အသက်၄၀တော်တော်ကျော်လာတဲ့အချိန်မှာ ပြန်ကြည့်တော့ တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ် အခြေခံမှ ဖြစ်မှာပါလားလို့ မြင်ပါတယ်။

"solid"

mama said...

မမေငြိမ်း
အမျိုးသမီးတွေ မှာ အချစ်က အသက် ၄၀ မှာလဲ ရှိနိုင်သေးတယ်
ဆိုတာ လက်ခံ လား..ဟင်..
သိချင်လို့ပါ...

ATN said...

အချစ်ဆိုတာက နူးညံ့သလောက်
ဘ၀ဆိုတာကတော့ ကြမ်းတာကိုး။

လက်တွေ့ဘ၀ထဲက ထွက်လာတဲ့ ဖွင့်ဆိုချက်တွေကသာ အစစ်အမှန် ဖြစ်ပါတယ်။

ခင်မင်သော

အောင်သာငယ်

မေငြိမ်း said...

ဟုတ်တာပေါ့ မနော်ရေ..။ အရေးကြီးတာက ကိုယ့်ဘ၀အတွက် တခုခုကို အကျိုးရှိအောင် ဆုံးဖြတ်လိုက်နိုင်ဖို့သာပဲ..နော်။
ကောင်းကင်ကိုရေ.. တတ်သလောက်လေး ရေးရတာပဲ :)
Steve ရေ..အဲဒါကလည်း ဘ၀နဲ့ရင်းပြီးမှ ရတဲ့အဖြေ။
mama... အမျိုးသမီးရောအမျိုးသားပါ အသက်ရှိနေသေးသရွေ့ အချစ်ဆိုတာ ရှိနေနိုင်တယ်လို့ ကျမ ယုံတယ်။
ကိုအောင်သာငယ်ရေ.. ဟုတ်ပါတယ်။
ဘ၀ထဲ တော်တော် လူးလိမ့်ပြိုလဲခဲ့ရပြီးမှ ရလာတဲ့ အသိပါပဲ။

Moe Cho Thinn said...

ဆရာမရေ
အချစ်ကိုတော့ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတာပါပဲ။
ဘာကြီးမှန်းတော့ မသိဘူး။ ပုံသေ ကားချပ် မရှိသလိုပဲ။

လူတယောက်တည်းကိုပဲ ငယ်ငယ်ကချစ်တာနဲ့ ကြီးလာမှ ချစ်တာတောင် မတူပြန်ဘူး။

အချစ်မှာ ဆရာမပြောတဲ့ ကိုယ်ချင်းစာ နားလည်မှု၊ ငဲ့ညှာမှုတွေ ပေါင်းမှ ပိုလှတာတော့ အမှန်ပဲ။

wai lin tun said...

မမေငြိမ်းရေ
တသတ်လုံးလက်တွဲသွားခဲ့တဲ့သူတွေကော၊ တလျောက်လုံး ချစ်သွားနိုင်ခဲ့ကြရဲ့လားလို့ တခါတရံမှာ ကျနော်မေးခွန်းထုတ်ချင်မိပါတယ်။
သေချာတာကတော့ အချစ်အကြောင်းပြောကြမယ်ဆိုရင် ရိုးသားဖို့နဲ့ မြင်တဲ့အတိုင်း ပြောရဲဖို့ပါပဲ။
အချစ်အကြောင်းပြောဖို့ထက် ချစ်တတ်ဖို့က ပိုအရေးကြီးတယ်လို့ဆိုရင် ကျနော်မှားလား။

စူး said...

အချစ်'ဆိုတာ ကလည်း တခါတလေ ကုသိုလ်ကံနဲ့များ တွဲလာလေသလားပေါ့။

မေငြိမ်း said...

ဟုတ်တာပေါ့.. ကိုဝေလင်းရေ.. တသက်လုံးတကယ်ချစ်မသွားနိုင်ကြရင်တောင် မေတ္တာတရားနဲ့ ယှဉ်ဖို့.. အမုန်းမဖြစ်ဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ချစ်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ အဲဒါကြောင့်ပဲ ချိုသင်းပြောသလို လူတယောက်တည်းကိုတောင် အရွယ်ကြောင့် ချစ်တာမတူဘူးဆိုသလို..။
အင်းး မြတ်နိုးရေ.. တို့ကတော့ ကံတရားဆိုတာကို ယုံတယ်.. :)

tin min htet said...

အချစ်အကြောင်းမပြောတော့ဘူး
ကလေးထိန်းခြင်း အနုပညာ ဖလှယ်မလား :P

Steve Evergreen said...

MaMa said...

မမေငြိမ်း
အမျိုးသမီးတွေ မှာ အချစ်က အသက် ၄၀ မှာလဲ ရှိနိုင်သေးတယ်
ဆိုတာ လက်ခံ လား..ဟင်..
သိချင်လို့ပါ.
Why not?

Women in their 40s have active love and sex. I mean its for normal women.

တန်ခူး said...

မ ရေ… မ ရဲ့ အချစ်အကြောင်းက ၀တ္ထုတပုဒ်ထက် ပိုစိတ်ဝင်စားဖို့  ကောင်းတယ်… အသက်အရွယ် အတွေ့ အကြုံအရ ပြောင်းလဲသွားတဲ့ အချစ်ရဲ့အနက်တွေထဲ နောက်ဆုံးပိတ်အနက်လေးက ပိုပြီးပြည့်စုံသွားသလားလို့ … ပိုလေးနက်သွားသလားလို့ ( သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့)… မ ရေ… တယောက်နဲ့ တယောက် သေသေချာချာ စိတ်ပါဝင်စားပြီး ကိုယ်ချင်းစာငဲ့ညှာလို့ .. စိတ်ရှည်သည်းခံရင်း ဘ၀ခရီးကို အတူလျှောက်နေခွင့်ရတဲ့ မ လောက် ကံကောင်းတာ ရှိနိုင်ဦးမလား… (အလုပ်တွေ ရှုပ်နေတဲ့ကြားက ရေးပေးတဲ့အတွက် ကျေးဇူးပါ မ ရယ်… ဟိုး အရင်က ကိုယ်ချစ်တဲ့ စာရေးဆရာမတယောက်ကို ကိုယ်ဖတ်ချင်တာလေး အဲလို ပူဆာလို့ ရတယ် ဆိုတာ အိပ်မက်တောင် မမက်ရဲခဲ့တဲ့အဖြစ်… ခုဆို သိပ်ပျော်တာပဲ)

မေငြိမ်း said...

မတန်ခူးရေ..
ခုထိတော့ ကံကောင်းတဲ့ ဘ၀လေးတခုဆိုပါတော့။ အဲဒီအတွက် ကိုယ့်အဖော်ကို ကျေးဇူးတင်ရတာလည်း အမှန်ပါပဲ..။ နောက်ပြီးတော့ .. အဲလို ကိုယ့်ကို ချစ်တဲ့သူတွေက ပူဆာတာလေးတွေ..၊ Tag တာလေးတွေကို ပြန်ရေးရတာလေးတွေကပဲ ချစ်စရာကောင်းတဲ့ ဘလော့ယဉ်ကျေးမှုနော်..။ အဲဒီဘလော့လေးတွေကြောင့်ပဲ ကိုယ့်အချင်းချင်းတွေ ဆုံရတာ.. သိပ်ကို ကြည်နူးစရာပါ..။