Oct 10, 2008

မြသီလာအလွမ်းပြေ(၃)

အဲသည် စတုတ္ထနှစ်တုန်းက တောင်ငူဆောင်အပေါ်ဆုံးထပ်က အခန်းအမှတ် ၂၁၂ မှာ ကျမ အတန်းတက် ရပါတယ်။ ကျမထိုင်တတ်တဲ့ နေရာက ဒဂုံဆောင်ရှေ့က လမ်းသွယ်လေးကို ဆီးမြင်ရတဲ့ ဘယ်ဘက်ခြမ်း နောက်ဆုံးခုံတန်းမှာ..။ (ဒဂုံဆောင်ကတော့ နာမည်ကျော် Geology ကျောင်းသားများ ရဲ့အဆောင်ပေါ့..။ တခါတုန်းက ကျမ ကိုယ်ဝန်ကြီးနဲ့ အဆောင်ရှေ့က ဖြတ်အသွားမှာ ဆရာမမှန်းသိသိနဲ့ "တရားခံ ဘသူလဲဟေ့.. ပြော.. တရားခံဘယ်သူလဲဟေ့" လို့ လှမ်းအော်စတာကို သတိရသေး) lecture တွေနားထောင်ရင်း သစ်ပင်ထိပ်ပိုင်းတွေကို ဖြတ်ကြည့်ရတာ သိပ် စိမ်းလန်းအေးချမ်းတာ။ သစ်ပင်တွေကို ဖြတ်ပြီး ကျမတို့ဆီရောက်ရောက်လာတတ်တဲ့လေကလေးက အေးလို့။ မျှော်ကြည့်ရင် ဂျပ်စင်ထိပ်ပိုင်းကိုတောင် လှမ်းမြင်နိုင်ပါတယ်။ ပြီးတော့ ဒဂုံဆောင်နောက်က မိုးပိတောက်ပင်တွေကိုရောပေါ့။
နွေဦးများပေါက်ရင် ရှင်မဟာရဋ္ဌသာရရဲ့ ရွှေစက်တော်သွားတောလားထဲက "သစ်ရွက်ရော်ရီ ဣန္ဓနီဝယ် သိင်္ဂီတ၀က် ဖက်၍ ဆေးစုံခြယ်သောပုံသို့" ဆိုတဲ့အတိုင်း တကယ်ကို ရွှေဝါရောင် နီညိုရောင်တွေ ဆေးရောင်ခြယ်သလို လှချင်တိုင်း လှနေတာ ခုထိ မေ့မရ။
ပြီးတော့ တောင်ငူဆောင်အ၀င်လမ်းနဘေးက ကျမ အင်မတန်စွဲလန်းတဲ့ ရှားရှားပါးပါး စိန်ပန်းပြာပင်ပုပုလေးကို ငေးရင်း ကျမစိတ်တွေ လန်းဆန်းနေကျ..။ အဲဒီအခါ စာသင်ခန်းမှာ အိပ်မငိုက်ဘဲ သင်သမျှစာ အကုန်လိုလိုကို လိုက်နိုင်ခဲ့တာ။

(ချစ်တဲ့ စိန်ပန်းပြာ)
(တကယ်တော့ အဲဒါလည်း ဖေဖေ့ကျေးဇူးကြောင့်ပါပဲ.. အများတကာမိဘတွေက သားသမီးကို ဆေး ရမှ.. စက်မှုရမှ.. အီကိုရမှ.. Law ရမှ.. လို့ တွန်းနေတဲ့ ခေတ်ထဲမှာ ကျမက မြန်မာစာပဲ သင်ချင်တယ်လို့ ပြောတာကို ဖေဖေက တချက်ကလေးမှ မတွန့်ဆုတ်ဘဲ အားပေးခဲ့တာ..။ ကျမ၀ါသနာပါတာကို သင်ခွင့်ရလို့ပဲ ထူးချွန်ခွင့်ရခဲ့တာ ထင်ပါတယ်.. ဒါကြောင့် ခု ကိုယ့်သားသမီးကိုလည်း သူတို့ ၀ါသနာပါတာပဲ လုပ်ဖို့ အားပေးထားပါတယ်)။
စတုတ္ထနှစ်မှာ နောက်ထပ် အမှတ်တရဖြစ်စရာကတော့ Farewell Dinner ဖျော်ဖြေပွဲပါပဲ။ ကျမတို့စိတ်ထဲ နှမျောတသဖြစ်ရတဲ့ ခံစားချက်တွေနဲ့ ကျင်းပရတဲ့ ပွဲပေါ့။ ( ကျမဖြင့် အဲဒီတုန်းကဆိုရင် ဒီနှစ် Final year လို့ ဘယ်တော့မှမပြော.. Forth year လို့ပဲ ပြောတယ်.. Final ဆို နိမိတ်မကောင်းဘဲ ကျောင်းဆက်မတက်ရမှာ ကြောက်လို့လေ :D) ။ အဲလိုနှစ်မှာမှ Farewell ကလည်း စည်လိုက်တာ။ အဲဒီအချိန်မှာ နာမည်ကြီး အဆိုတော်တွေဖြစ်နေတဲ့ မြန်မာစာ ကျောင်းသူဟောင်း 'မေခလာ' ရယ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်း 'ကိုင်ဇာ' ရယ်၊ နောက် 'ခင်မောင်ထူး' နဲ့ 'လွှမ်းမိုး' လာတယ်။ ပျော်စရာကြီးပေါ့...။ စတုတ္ထနှစ် ကျောင်းသူဘ၀မှာ နောက်ထပ်အမှတ်ရစရာကတော့ တကျောင်းလုံးပတ်ပြီး ဓာတ်ပုံရိုက်ကြတာပဲ။ ဓာတ်ပုံရိုက်လို့ကို မ၀..။ ဓာတ်ပုံဖိုးနဲ့ကို မွဲမတတ်။ (ခုတော့ ဆေးသားတွေပျက်လို့ တပုံမကျန် လွှင့်ပစ်လိုက် ရပြီ)။
ကျမတို့စိတ်ထဲ ကျောင်းကို ချစ်တာ တကယ့်ကို နင့်နင့် သီးသီး။
မြသီလာရေ..
ချစ်သူကိုတောင် မင်းရင်ခွင်မှာမှ
ပိုချစ်တယ်ထင်ရဲ့..။
မင်းသာမရှိရင်
'ချစ်တယ်'ဆိုတာတွေလည်း မပြည့်စုံ။
မင်းရင်ခွင်မှာမှ သူ့အနမ်းတွေကတောင်
ယဉ်ကျေးချိုမြိန်ရဲ့..။
မခွဲနိုင်လို့ မခွာရက်တာပါ မြသီလာ..။
ကံ့ကော်ပန်းတွေကတောင်
မြသီလာဆီကခွာရင်
မမွှေးပျံ့တတ်တော့ဘူးဆိုတဲ့နောက်
ကောက်ကောက်ပါအောင်သာ
လိုက်ပရစေတော့.. တသက်စာ။

အဲလို ကဗျာလိုလို စာလိုလိုနဲ့ ဘာမှန်းမသိတဲ့ စာတွေကို lecture လိုက်နေရင်းကနေ စာအုပ်နောက်ဆုံးက စာမျက်နှာတွေမှာ ပွနေအောင် မျက်ရည်တလည်လည်နဲ့ ရေးခဲ့ဖူးတာလည်း စတုတ္ထနှစ်ကျောင်းတက်ကာလရဲ့ နောက်ဆုံးရက်တွေမှာပါပဲ။
တကယ်ပဲ တက္ကသီလာ မြကျွန်းသာကို ချစ်သူထက် စုံမက်ခဲ့ဖူးပါတယ်။
+++++
အဲသည်တုန်းက တောင်ငူဆောင်မှာ မြန်မာစာနဲ့ အင်္ဂလိပ်စာအတန်းတွေ..။ အမရဆောင်မှာက သမိုင်းတန်း တွေ။ ရာမညဆောင်မှာက ဥပဒေနဲ့ စိတ်ပညာတန်းတွေ။ မန္တလေးဆောင်မှာက ဘူမိဗေဒတန်းတွေ။ အဲသည် ပတ်ပတ်လည်အတန်းတွေအချင်းချင်း သူငယ်ချင်းတွေ ဖြစ်ကြ။ စုံတွဲတွေ ဖြစ်ကြပေါ့။ ရန်ကုန်တက္ကသိုလ် ၀င်းထဲမှာ အီကိုပြီးရင် တောင်ငူဆောင်ကတော့ အချောအလှပေါတာ နာမည်ကျော်ပေါ့။ တကယ်ပြောတာပါ..။ (ကျမတော့ မပါပါဘူး :P)
မန္တလေးဆောင်နဲ့ ပတ်သက်ရင်တော့ ကျမအမြဲသတိရတာ ဆရာမ ဒေါ်စ၀်ယဉ်နွယ် ပဲ။ ဆရာမကိုတွေ့တိုင်း ကျမ အမြဲငေးမိတာ။ (ကြည့်ကောင်းလွန်းလို့ ဆရာမစာမေးပွဲခန်းစောင့်တာနဲ့ ကိုယ်ဖြေရတာကြုံရင် မကြာမကြာကြည့်မိတာနဲ့ စာဖြေရတာတောင် မဖြောင့်)။ ဆရာမရဲ့ အသားအရည်က ကြည်ပြီး စင်နေတာ.. သလင်းကျောက်လိုပဲ။ အထူးခြားဆုံးက တောက်နေတဲ့ မျက်လုံးတွေပဲ။ ပြီးတော့ အ၀တ်အစားဝတ်တာမှာ အင်္ကျီက ဘယ်တော့မှ ပါးပါးမ၀တ်။ ပြီးတော့ တော်ရုံလူ မ၀တ်ရဲတဲ့ အပွင့်အခက်မပါတဲ့ ပြောင် အရောင် ဖျော့ဖျော့တွေကို ထက်အောက်ဆင်တူ ၀တ်သေးတာ။ ထူးခြားတာ နောက်တခုက ဆရာမရဲ့ အင်္ကျီလက် တွေက အဖျားမှာ ပွတဲ့ ခေါင်းလောင်းလက်ပုံစံတွေ။ ဆရာမက အရပ်မြင့်မြင့် ကိုယ်လုံး သွယ်သွယ် တောင့်တောင့်နဲ့ ဘိနပ်အမြင့်(Pencil heel)တွေ စီးတာမို့ သိပ်လိုက်တာပဲ။
(ကျမကတော့ ကိုယ့်ဆရာမလည်း မဟုတ်ပါဘဲနဲ့ ဆရာမကို ဘယ်လောက် သဘောကျခဲ့လဲဆိုရင် ဆရာမလိုပဲ ကိုယ့်ဘာသာရပ်မှာ တော်ချင်ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင် ဆရာမလည်းဖြစ်ရော အင်္ကျီတွေကို ဆရာမလိုပဲ အသား ပျော့ပျော့ နဲ့ မပါးတာတွေ ၀တ်တယ်၊ ပြီးတော့ လက်ကို ခေါင်းလောင်းလက်ဝတ်တယ်၊ ဟီးး ဒါမဲ့ ကိုယ်က အရပ်မမြင့်ဘဲ ကိုယ်ခန္ဓာကလည်း ပြားပြား.. ဒီကြားထဲ ခုံမြင့်ဘိနပ်လည်း မစီးတတ်ဆိုတော့ ကားတား ကားတား ပုတက်ပုတက်နဲ့.. လှလည်းမလှတဲ့အပြင် ရယ်စရာတောင် ကောင်းနေခဲ့မလားပဲ :) )။
ဆရာမကလည်း အရှည်ကြီးဆိုင်အဖျား တောင်ပိန္နဲပင်တွေအောက်က စားပွဲပဲ ထိုင်လေ့ရှိပါတယ်။ ဘူမိဗေဒဌာနကမို့ ဆရာမ ကင်တီးလာရင် အမြဲတမ်း မိတ်ဆွေဆရာတွေ ပတ်ပတ်လည်နဲ့။ ဆရာမကို ကြည့်တာနဲ့ တော်တာ ထက်မြက်တာပေါ်လွင်နေသလို တကယ်လည်း စာသင်ကောင်းတယ် တော်တယ်လို့ သတင်းမွှေးတယ်။
နောက်တခု သတိထားမိတာက ဆရာမက အဲဒီအချိန်တုန်းက ဦးဖြိုးေ၀၀င်းရဲ့ ဇနီးပါ။ ဖြိုးေ၀၀င်းဆိုတာက ဗမာပြည်မှာ နံပါတ်ဝမ်းကြီးလို့ အများခေါ်တဲ့ ဦးနေ၀င်းရဲ့ သားတယောက်ပေါ့။ အဲဒီ နံပါတ်ဝမ်းကြီးရဲ့သားက ကျောင်း ကင်တီးစုတ်စုတ်လေးမှာထိုင်ရင်း လက်ဘက်ရည်သောက်ရင်း ဇနီးသည်ဆရာမ ကျောင်း အဆင်းကို အမြဲ လာစောင့်ကြိုပါတယ်။ သူတို့စီးတဲ့ကားလေးက အဲဒီတုန်းက 323 လို့ခေါ်တဲ့ အမျိုးအစားပါ။ နံပါတ်တောင် မှတ်မိသေး က-၄၄၄၄ ။ ဒီနေရာမှာ ပြောချင်တာက ဆရာမက နံပါတ်ဝမ်းရဲ့ ချွေးမနဲ့ မတူသလို ဦးဖြိုးေ၀၀င်းကလည်း နံပါတ်ဝမ်းရဲ့သားနဲ့ မတူလှတာပါပဲ။ အခါများစွာမှာ ဆရာမတို့ရဲ့သားကလေး (၅နှစ်သားလောက်ရှိမယ်ထင်ပါရဲ့) ပါလာရင်လည်း ကင်တီးက မုန့်တွေပဲ မှာစားတာပါပဲ။ သူကလေးကလည်း ခုကာလတွေမှာ တွေ့ရတဲ့ စစ်ဗိုလ်သားသမီးမြေးမြစ်တွေနဲ့ မတူပါဘူး။ သူတို့ဟာ ကျောင်းဝင်းထဲမှာတော့ ကျမတို့နဲ့ တန်းတူ လိုပါပဲ။ အဲဒါကိုကပဲ ဆရာမရဲ့ ချစ်စရာကောင်းမှုလို့ ထင်ပါတယ်။

(နာဂစ်မတိုင်ခင် ခေတ်သစ်တောင်ငူဆောင်ကင်တီး- pti ဆီက ယူပါတယ်)
အဲဒီတုန်းက ကျမတို့ မြန်မာစာမှာ ၀န်ကြီးသားတွေရှိပါတယ်။ မှတ်မှတ်ရရ ၃ယောက်တောင်။ (နာမည်တွေတော့ ပြောတော့ပါဘူး)။ သူတို့ကတော့ ဆရာမတို့နဲ့ ကွာပါ့။ ကျောင်းကင်တီးတောင် လှည့်မကြည့်တဲ့အပြင် အတန်းထဲမှာတောင် ဆောင့်ကြွားကြွားမို့ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်.. ဆိုပြီးတော့ ကျမတို့ ကြည့်မရ ဖြစ်ခဲ့ကြတာလည်း သတိရပါတယ်။ ဒါပေမဲ့ ၈၈ နောက်ပိုင်းကာလ... စစ်တပ်က တန်ခိုးထွားလာတော့ သူတို့ရဲ့ တူသားရင်းမြစ်တွေ တက္ကသိုလ် ပညာရေးဝန်းကျင်လို နေရာလေးမှာတောင် ဘယ်လောက် ဘောင်ဘင်ခတ်ကြ.. ရမ်းကားကြတယ်ဆိုတာ ကိုယ်တွေ့ကြုံရတာလေးတွေ ပြောဦးမှပါ။

+++++

သေချာတာကတော့ ၈၈ မတိုင်ခင် တက္ကသိုလ်ကျောင်းဝန်းကျင်မှာ အနည်းဆုံး ချစ်စရာကောင်းတဲ့ ရိုးသားမှု လေးတွေတော့ ရှိခဲ့တယ်ဆိုတာလေးတွေကို ပြောပြချင်တာပါပဲ။
(အချိန်ရတုန်းလေးတော့ ဆက်တိုက်တင်ပါ့မယ်.. မအားရင်လည်း နားမှာပေါ့... နော..။ လောလောဆယ်တော့ ဆက်ပါဦးမည်...)
မှတ်ချက်.. ဆရာမ ဒေါက်တာဒေါ်စ၀်ယဉ်နွယ်ကို ကျမက တလျှောက်လုံး အဲလိုပဲ မှတ်လာခဲ့တာ ခု ဘူမိသမားတွေက ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်လို့ အမှားပြင်ပေးကြပါတယ်။

17 comments:

Moe Cho Thinn said...

ဆက်ပါ ဆရာမရေ၊ ဆက်ပါ။
ဆရာမ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်အကြောင်း ရေးထားတာကို လာဖတ်ပါတယ်။ မနှစ်က ဆန်ဖရန်စစ်စကိုမှာ ဘူမိတွေ စုကြသေးတယ်။ ဆရာမ လာလည်လို့လေ။ ဆရာမက ခုထိ ချောတုန်း။ ချိုသင်းတို့လဲ ငေးခဲ့ရတာ စာသင်တုန်း ပါးစပ်ကို ဟ လို့။

ဒီးဒီး said...

ဒေါ်မေငြိမ်းရေ..... ကျွန်တော်တစ်ခုစဉ်းစားမိတယ်။
ကျောင်းကိုလွမ်းတာလည်းကောင်းပါတယ်

သို့ ပေမဲ့ ကျွန်တော်တို့ တက်ခဲ့ရတဲ့အချိန်တွေတုံးက
ကျောင်းသားတိုင်းရဲ့ ပျော်ရွင်ဖွယ်တွေ၊
စိတ်ညှစ်ဖွယ်တွေကအခုရှိတဲ့ ကျောင်းသားဘ၀က လူတွေထက်စာရင်တော့ အများကြီး အဆပေါင်းသာတယ်လို့ ပြောရသေးမယ်ထင်တယ်။

အခုကအရမ်းဆိုးတယ်ကြားတယ်။ ဒီတော့ဒေါ်မေငြိမ်း
ရေးတဲ့ စာကြောင့်သူတို့ ရဲ့ စိတ်တွေပိုပြီးတော့ခက်ထန်လာမှာ ကိုစိုးရိမ်တယ်။

ကျွန်တော်မလိုလားဘူး။ ဒီအတွက်နည်းနည်းတော့ ကုစားသင့်တယ်။

ဒေါ်မေငြိမ်းရေးတဲ့  အနေအထားကိုကျွန်တော်နားလည်ပါတယ်။

ဒီးဒီး said...

ဆရာမစီးတဲ့ ကားကအနီရောင်ပါ က/၄၄၄၄ ၊
ဘာဘဲပြောပြောဆရာမဒေါ်ယဉ်ယဉ်နွယ်လို ဆရာမမျိုး
ကတော့ရှားပါတယ်။ တပည့်တွေအပေါ်တော်တော်ကိုစိတ်ရင်းကောင်းနဲ့ မြေတောင်မြှောက်ပေးရှာတယ်။ စာကြိုးစားတဲ့ 
့သူတိုင်းပေါ့ ( ရွှေငါးစိုးမြင့်တို့ လို ကောင်တော့မပါဘူး၊ ဟီးဟီး)

မေငြိမ်း said...

ဟုတ်ပါ့ ချိုသင်းရေ.. ဆရာမကတော့ ခုထိ လှတုန်း ပြီးတော့ သူ့နယ်ပယ်မှာ တော်တုန်း အောင်မြင်တုန်း...စိတ်ချမ်းသာလိုက်တာ။
ဒီးဒီးရေ.. ပူတတ်ရန်ကော။ ကလေးတွေက ကျမပြောမှပဲ သူတို့ ဘ၀ကို သိမှာကျလို့။ ကျမ တက္ကသိုလ်ဝန်းကျင်က ခွာခဲ့တာ ခုမှ ၃နှစ်ပဲ ၇ှိပါသေးတယ်။ ဒါကြောင့် ခုခေတ် ကျောင်းသားတွေ အနေနဲ့လည်း ဘယ်လိုဘ၀ကို လိုချင်တာလဲ.. ရအောင် ဘလိုယူမယ်ဆိုတာ မြင်ဖို့ လိုနေတယ်လို့ ထင်ပါတယ်။ ဒီးဒီးရေ.. ရွှေငါးစိုးမြင့်လည်း ကဲလို့သာပါ.. ညံ့တော့ မညံ့ပါဘူးနော်..။ (ဟဲဟဲ ကျမတို့က တလမ်းတည်းသားချင်းလေ..။ မညံ့လို့ အချောစားလေး နန္ဒာ့ကို ရတာပေါ့)

Anonymous said...

ဆရာမရေ.. တရားခံဘယ်သူလဲဟေ့ဆိုတာကို
အရမ်းသဘောကျတယ်.. ဆရာမလိုစာရေးကောင်းတဲ့လူတစ်ဦးဖြစ်ချင်ပါတယ်..

Anonymous said...

အင်း ဆရာမရေ ဆက်ဖတ်ချင်ပါသေးတယ်

MANORHARY said...

မနော်တို့ငယ်ငယ်ကလည်း Geology ကသူငယ်ချင်းတွေကြွားသမျှကိုနာခံရင်း ဒေါ်ငြိမ်းခက်ခက်ကို ခိုးကြည့်ဖို့ ဗိုလ်တထောင်ကနေတောင် တကူးတကလာခဲ့ရသေးတာပဲ..

ဒီးဒီး said...

ဟုတ်ကဲ့  ဒေါ်မေငြိမ်း
ကျွန်တော်ပြောတဲ့ အကြောင်းက တစ်ခုပါ။
သိုပေမဲ့ ကျွန်တော်တို့ ကျောင်းတက်တာက RCဆိုတာကို စပြီးတော့ ဖြစ်လာတော့ ကျောင်းသားဘ၀ က၁၉၇၅ ခုနှစ်ရှေ့ ပိုင်းကထက် ၊ လွတ်လပ်ခြင်းက နည်းနည်းတော့ ပြောင်းသွားတယ်ဆိုတာကိုသိလိုက်တယ်။
အစ်ကိုတွေအစ်မတွေရဲ ခေတ်နဲ့ တော့ မတူဘူး၊ဒါတောင်ကျွန်တော်တို ကျောင်းသားတွေရဲ့  လွတ်လပ်ခြင်းချုပ်နှောင်ခဲ့ ရတဲ့  အောက်မှာ ( ကျောင်းသားတွေရဲ့ ရပိုင်ခွင့်တွေကျယ်ကျယ်ပြန်ပြန်တောင်းဆိုဖို့ သိပ်ပြီးတော့ မကျယ်ပြန့် သေးသလို၊မပြောကြပါဘူး)
နေခဲ့ကြတဲ့ အနေအထားက အခုအနေအထားနဲ့ စာရင်အများကြီးသာပါတယ်။ ဒါကိုတော့နားလည်မယ်ထင်ပါတယ်။
မှန်တာပေါ့ဗျာ။ အခုလူငယ်တွေအားလုံကျွန်တော်တို့ ထက်ပိုပြီးတော့သူတို့ ရပိုင်ခွင့်ဆိုတာကို တောင်းရဲသလို
တောင်းနေခဲ့ကြတယ်လေ။ သို့ ပေမဲ့ အခုထိတောင်းနေတာကမရသေးသလို ဒါကလည်းဆက်နွယ်သောအကြောင်းတွေဖြစ်နေတာကိုး။ တနေ့ တော့ရမယ်ဆိုတာလည်းသိပါတယ်။
အချိန်၊အခြေအနေ၊ပုံစံတွေက မတူဘူးဆိုတာကိုပြောတာရယ်။ သီးသန့်လေးပြောမယ်ဆိုရင်
ကျောင်းသားဘ၀တစိတ်တပိုင်းအနေနဲ့ သူတို့ ကျွန်တော်တို့ လောက် ဆိုတာထက်ကျွန်တော်တို့ ခံစားရတဲ့ ၅၀%တောင်မရှိဘူးလို့  ပြောတာပါ။

ဒေါ်မေငြိမ်းလို့ ခေါ်တာကလည်း ဆရာမတစ်ယောက်ဆိုတဲ့ ဂုဏ်တစ်ခုကြောင့်လေးစားစွာခေါ်တာပါ။

ကျွန်တော်ညီမ၀မ်းကွဲ နဲ့ ဒေါ်မေငြိမ်းကတနှစ်ထဲဆိုသလို အတူတူ မဟာတန်းပြီးကျတာပါ။ ကျောင်းမှာပြန်လုပ်တဲ့ သူတွေချည်းပါဘဲ။ ဒီတော့

စိုးမြင့်ကတော့ ကျွန်တော်ပါးစပ်စပ်ဆော့ပြီးထည့်ရေးတာမို့ မပြောလိုပါ၊
(သောက်ကျင့်သိတဲ့ သုမို့ ပါ။ ဟီးဟီး)

ဘာဘဲပြော ပြော တောင်ငူဆောင်ကိုမြင်ရတော့ကျောင်းကို သတိရတယ်ပေါ့၊ လွမ်းတယ်ပေါ့ဗျာ။ ဒါပါဘဲ။
ဒီအတွက်ကျေးဇူးတင်ပါတယ်။

မေငြိမ်း said...

ဒီးဒီးရှင့်..
ဒါဆို ဒီးဒီးက ကျမထက် အသက်ကြီးတယ် ဟီဟိ :)
ဘာလို့ဆို ကိုစိုးမြင့်ညီမ ခင်မမကမှ ကျမသူငယ်ချင်းလေ။ တကယ်တော့ ကျမတို့တတွေမှာ အတွေ့အကြုံတွေကို နှောင်းလူတွေအတွက် လက်ဆင့်ကမ်း ဖြန့်ဝေသွားရမယ် ထင်တာပဲ။ ဒါမှပဲ ဟိုတုန်းက ဘလိုလဲ.. ရှေ့ဘာဆက်လုပ်မှာလဲ.. ဆိုတာတွေ ပေါ်လာမယ်လို့ ယုံတာပဲ။ ဒါကြောင့် ကျမ ဆရာမဖြစ်တော့လည်း အဲဒါတွေအမြဲပြောတာ.. မယုံရင် ၁၉၉၁ကနေ ၁၉၉၅ထိ တက်ခဲ့တဲ့ Geology ကျောင်းသားတွေကို မေးကြည့် :P.. ဟဲဟဲ အနိုင်နဲ့ ပိုင်းတာ..။
ဘာပဲဖြစ်ဖြစ် ကျမအတွက်တော့ အလွမ်းပြေပေါ့ဗျာ နော....

Anonymous said...

ဆရာမရေ..မင်္ဂလာပါ...ကျနော်တို့ကတော့ အဲ့လို ဘ၀တွေတောင်မခံစားလိုက်ရပါဘူးဗျာ.... :( တက္ကသိုလ်ကျောင်းသားဆိုတာ ဘာမှန်းတောင်မသိလိုက်ရဘူး

Anonymous said...

ဆရာမရေ ဆက်ရေးပါဗျို့ ... အားပေးလျက်ပါ

မေငြိမ်း said...

ရှင်မင်းညိုရေ.. စာသာများများဖတ်ပါ.. ရေးနိုင်လာပါလိမ့်မယ်။ ဒီလိုပါပဲ...
ရွာသားလေး.. မှန်မှန်လာဖတ်တာ..ကျေးဇူး။
မနော်ရေ.. ကလေးတိုင်းက သူတို့အမေသာ အလှဆုံးလို့ထင်သလိုပဲ.. အမရဲ့ Geology က ကလေးတွေကလည်း သူတို့ဆရာမကို ချစ်စိတ်နဲ့ပေါ့။ သူတို့ဆရာမကလည်း သူတို့နဲ့ လဘက်ရည်ဆိုင်ထိုင်ဖက်ကိုးး :)
w.sebestian ရေ.. တကယ်တော့ တက္ကသိုလ်ကျောင်းသားဆိုတာ အခွင့်ထူးခံတော့မဟုတ်ပါ။ ဒါပေမဲ့ ကံမကောင်းလို့ မတက်လိုက်ရတာမျိုးတော့ ရှိတာပေါ့လေ။ အဲလိုလူတွေတွေ့ရင် ကျမ တကယ်ပဲ စိတ်မကောင်းဖြစ်ပါတယ်။ ကျမကတော့ ကိုယ်တက်ဖူးတဲ့ကျောင်းနဲ့ ကိုယ့်ဘ၀အတွေ့အကြုံလေးတွေ ရင်ဖွင့်မျှဝေတဲ့ သဘောပါပဲ...။ ဖြစ်တတ်တဲ့ သဘာဝလေးတွေပေါ့..။

ဒီးဒီး said...

ကျွန်တော်တို့ ကနှစ်စောပါတယ်၊ ကျောင်းမှာကြာသွားတယ်။ ပျော်လွန်းလို့ ဟီးဟီး

ဘူမိကကျောင်းသားတွေလည်းမေးစရာမလိုပါဘူး၊ ယုံပါတယ်။ အနိုင်ပေးပါတယ်။
မှန်ပါတယ်၊ ပြန်ပြီးတော့ကြုံခဲ့ရတာကို လက်ဆင့်ကမ်းရတာ၊ပြောပြရတာ၊ ရှေ့ကိုဘာဆက်လုပ်ရမယ်ဆိုတာကိုပြောတာ ကိုလည်းလုပ်ဆောင်သင့်သလို ၊
ဒေါ်မေငြိမ်းတို့ လို ဆရာမတစ်ယောက်ကနေ ရှေ့
အခုရှိနေတဲ့အခြေအနေကိုပိုပြီးကောင်းမွန်အောင်၊
ဖြစ်နိုင်တာတွေကိုရအောင်တည်ဆောက်ရင်းလုပ်သင့် ကြောင်းပြောဆိုစေချင်လို့ ပါ။ပိုမိုထိရောက်နိုင်တယ်လေ။
ဥပမာဆိုပါဆို့ ဗျာ၊ ကျွန်တော်တို့ တုံးကလို ကျောင်းအဆောင်တွေပြန်ရနိုင် ဖို့ ကိစ္စတွေပေါ့။

အော် စိုးမြင့် ညီမနဲ့ သူငယ်ချင်းကိုး ၊သိပါတယ်ဗျာ။ ခေတ်သစ်ဓါတ်ပုံတိုက်နဲ့ လည်းသိကြမှာပေါ့
အာတီယားလမ်းထိပ်က ဒီဘက်ကအုတ်ခုံမှာထိုင်ပြီးတော့ အပျိုတွေ အိုက်တင်ပေးကြတာ။
နောက်တာပါ။ ငယ်ရွယ်တဲ့ အချိန်တုံးက ပျော်ခဲ့ရတဲ့အကြောင်းတစ်ခုအနေနဲ့ ပါ

ဦးမျိုးဝင်း ညီ မျိုးမြင့်ကောသိလား။

tin min htet said...

တီချယ်ကြီး တို့ခေတ်က လက်ရေးကဗျာ စာအုပ်လေးတွေ အကြောင်း၊ သမီးတွေ သားတွေအကြောင်း ရေးစရာက အများကြီးပဲနော်၊ စောင့်ဖတ်နေပါတယ်။

ငထက်

Steve Evergreen said...

they have already ruined the Rangoon University atmosphere.

Unknown said...

While living in Oversea for last 15 years, read about our good old school days, it is very touch. Your way of writing is excellent and move me. Great job!
Thank you.

တန်ခူး said...

ချစ်သူထက် စုံမယ်တယ်တဲ့… သိပ်မှန်တာပဲ… ခုထိရင်ထဲမှာ လွှမ်းမိုးနိုင်တုန်းပဲ မ ရေ… ဆရာမယဉ်ယဉ်နွယ်ကို မ ရေးတာနဲ့ တင် မြင်ဖူးချင်သွားပြီ… ငယ်တုန်းက အိပ်မက်မက်ခဲ့တဲ့ တက္ကသိုလ်ဆရာမဘ၀ ဘယ်တော့မှ မရနိုင်တော့ဘူး မ ရေ… မ က ကိုယ်ဝါသနာပါကို လျှောက်လှမ်းခွင့်ရတဲ့ ကံထူးသူပါ…