Nov 30, 2008

Ten things I hate about my self

တခါ ၂ပတ်လောက်ကြာတဲ့ ခရီးကြမ်းရှည်ရှည်ကြီး ထွက်ပြီးပြန်အလာ မတန်ခူးက ပထမများ.. ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Tag ထားတာတွေ့ရတယ်။ သူများတွေ ရေးထားတာတွေ လိုက်ဖတ်ကြည့်တော့ ပေါ့ပေါ့ပါးပါးလေး ရေးရတာ ပျော်စရာပဲ။ ခုလည်း ၁ပတ်စာ ခရီးလေးကအပြန် ညီမကလေး တူးတူးသာ က Tag ပြန်ပြီ။ ဒါလေးကတော့ သိပ်ပျော်စရာကောင်းမယ့် ခေါင်းစဉ်မဟုတ်။ ကိုယ့်ကိုယ်ကိုယ်မုန်းမိတဲ့ ၁၀ချက်တဲ့။ ကြည့်ပါဦး ကိုယ့်ငယ်ကျိုးငယ်နာ ဖော်ရမှာမျိုး....။ ဒါပေမဲ့ Tag ဟေ့ဆို ရေးချင်တာမို့ မြသီလာ.. ကြားကပဲ ဖောက်ပြီး ရေးလိုက်ပါဦးမယ်။

ဒီနေရာမှာ စကားစပ်ပြီး ပြောချင်တာလေး ပြောဦးမှပါ..။ ကျမ ဘလော့စရေးကတည်းက Tag game လေးအကြောင်း စကြားဖူးတာ။ တယောက်နဲ့တယောက် ဘယ်သူဘယ်ဝါလဲ မသိကြရတဲ့ online community မှာ Tag game ဟာ ချစ်စရာကောင်းတဲ့ အလေ့အထတခုပဲလို့ ထင်တယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေ.. အကျိုး မယုတ်စေ။ ပြီးတော့ တယောက်က Tag တာကို မရေးချင်လည်း မရေးချင်ကြောင်း ပြုံးပြုံးလေး အသိပေးရုံ။ Tag ခံရလို့ ရေးချင်ရင် ရေးမယ်။ Tag မခံရလည်း မရေးရုံပေါ့။ သိပ်ကြီးကျယ်တဲ့ ကိစ္စတော့မဟုတ်။ ဘလော့ဂါတယောက် (ကျမမမှတ်မိ)ဆိုရင် ခေါင်းစဉ်တခု Tag မခံရပေမဲ့ ရေးချင်လို့ဆိုပြီး ရေးတယ်။ သိပ်ချစ်စရာကောင်းတဲ့ ရိုးသားမှုပဲ။ အဓိကကတော့ စိတ်ရှင်းရင် ပြီးတာပါပဲ။ ကျမကတော့ တသက်လုံး Team work လုပ်လာရလို့လားမသိဘူး။ ကိုယ့် ၀န်းကျင်မှာ အဲလို တယောက်နဲ့တယောက် ဆက်စပ်နှီးနွယ်စေတဲ့ ချစ်စရာ ယဉ်ကျေးမှုလေး ရှိနေတာ သဘောကျတယ်။

ဘာလို့ဆို ကျမ အခါများစွာဖြစ်ဖူးတယ်။ တယောက်ယောက်က စိတ်ကူးရတဲ့ ခေါင်းစဉ်လေး... Theme လေးကို ငါလည်း ဒါမျိုးလေး ရေးချင်လိုက်တာ.. ငါရေးရင် ဒီလိုလေးရေးမယ်လို့။ သူ့အတိုင်း လိုက်ရေးရင်တော့ သူ့မူပိုင် အားထုတ်ဖန်တီးထားမှုကို အားနာစရာမို့ ငြိမ်နေလိုက်ရတာ။ ခု Tag က အဲလိုအားနာစရာမလိုပဲ Idea တခုကို တူတူ ရေးခွင့်ရတာ။ ဒါဟာ ဖြန့်ထွက်အတွေး(Literal Thinking)တွေ.. ဝေဖန်အတွေး(Critical thinking)တွေ ကို စုဆောင်းရာ.. လေ့ကျင့်ရာလည်း ရောက်သေး။ စာစီစာကုံးခေါင်းစဉ် တခုကို ၀ိုင်းရေးကြသလို။

တချို့ Tag ခေါင်းစဉ်လေးတွေဆို ကလေးကလားဆိုပြီး ကျမကို လာပြောကြတယ်။ ဥပမာ... ကိုယ့်အကြိုက်ဆုံး... ဆိုတဲ့ Tag။ ကျမကတော့ အင်မတန် ရိုးသားပြီး သူတပါးကို ထိခိုက်စေတဲ့ ဘလို ညစ်ပတ်တဲ့ အတွေးမျိုးမှ မပါတဲ့ ခေါင်းစဉ်လေး။ ပြီးတော့ ကိုယ့်အချင်းချင်း Tag ကြတာမို့ သူ့ဆီက ကိုယ် တကယ် သိချင်တာလေးတွေ သိခွင့်ရတယ်။ ဘာဖြစ်လဲ.. ကလေးကလား ဆိုတော့ရော..။ ကလေးဆိုတာကိုက အင်မတန် သန့်စင်တာ ပဲလေ။ ခုလည်း အင်မတန်ချစ်စရာကောင်းတဲ့ ကိုယ့်ဆီမှာ မုန်းစရာအချက် ၁၀ချက်ပြည့် အောင် ရှာရမတဲ့။ ကောင်းတော့ ကောင်းသား.. ဒါ ကိုယ့်ကိုယ့်ကို ဝေဖန်ရတဲ့ ဆန်းစစ်ရတဲ့ ကိစ္စပဲ။ ရေးရသေးတာပ..။

+++++

(၁) စွာတာ...။
မဟုတ်တော့ဘူးလို့ ထင်လာပြီဆိုရင် နည်းနည်းလေးမှ ငြိမ်မနေနိုင်ဘဲ ပက်ကနဲ ပြန်ပြောတတ်တာ တကယ်တော့ ကိုယ့်ကိုယ့်ကိုသိပ်မကြိုက်။ ဒါပေမဲ့ လုပ်သင့်တယ်လို့လည်း လက်ခံတဲ့အတွက် ပြင်ဖို့ မကြိုးစားမိသေး။

(၂) ရိုင်းတာ...။
သိပ်မုန်းလာရင် ကျမက ရိုင်းတယ်။ လူကြားထဲမှာ ကိုယ်မုန်းနေတဲ့သူကို တနည်းနည်းနဲ့ နစ်နာသွားအောင် ရိသဲ့သဲ့ လုပ်တတ်တယ်။ ထိထိခိုက်ခိုက် ဖြစ်သွားအောင် ပြောတတ်တယ်။ ဒါပေမဲ့ ကျမမုန်းတဲ့လူစားမျိုးက သတ်သတ်မှတ်မှတ် ရှိပါတယ်။ အများပြည်သူကို နှိပ်စက်တဲ့သူ၊ ပြည်သူ့ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့သူ၊ ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူ၊ ပြောင်လိမ်ပြောင်စား လုပ်တတ်တဲ့သူ၊ တဘက်သားကို အသားလွတ်နှိမ်ပြီး စော်ကားတဲ့သူ၊ တပါးသူအပေါ် မနာလိုအားကြီးတဲ့သူ..။ ဒီလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီ ရိုင်းတာကိုတော့ ပြင်ဖို့ ကြိုးစားနေပါတယ်။

(၃) မျက်ရည်လွယ်တာ..။
ခုထိ ၀တ္ထုဖတ်ပြီး.. ရုပ်ရှင်ကြည့်ပြီး.. ၀မ်းနည်းစရာတွေ ကြည့်ပြီး ငိုတုန်း။ နောက် စိတ်လှုပ်ရှားရင်.. ဒေါသဖြစ်ရင်လည်း ချက်ချင်း မျက်ရည်က ထွက်လာတယ်။ အဲဒီတော့ အခမ်းအနားတွေမှာ လူရှေ့စကားပြောရရင် မကောင်းတော့ဘူး။ အဲလောက် မျက်ရည် လွယ်တာကို မကြိုက်ဘူး။ အဲဒါကိုတော့ ထိန်းဖို့ ကြိုးစားပါတယ်။

(၄) အယုံလွယ်တာ..။
သူများပြောရင် ယုံတာပဲ။ သူပြောတာ ဟုတ်လို့ ပြောတာပဲ ဖြစ်မှာလို့ သေချာပေါက် တွေးပစ်လိုက်တာပဲ။ ဒါကြောင့် ဘ၀မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ၃ခါ ဆက်တိုက် အလိမ်ခံခဲ့ရဖူးတယ်။ ဘ၀အပျက်ကို ခံလိုက်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီလိမ်တဲ့သူတွေကို မျက်နှာပူလို့ ခုထိ ပြုံးပြနေဆဲပါ..။ ဒါပေမဲ့ သူများတွေကိုတော့ ဒီလူတွေ လိမ်ကြောင်း ပြောပြ သတိပေးတတ်ပါတယ်။ အဲဒီအယုံလွယ်တာ မကြိုက်ပေမဲ့ ဘယ်လို ပြင်ရမယ်တော့ မသိသေးပါဘူး။

(၅) အစွန်းရောက်တာ..။
ချစ်ရင် အရမ်းကာရော ချစ်ပြီး အဲဒီလူကို အထင်သေးစရာတခုခု တွေ့လိုက်တာနဲ့ စိတ်ကုန် စိတ်ပျက်သွားမိလိုက်ရင် တခါတည်း ပြတ်ပြတ်သားသား မခေါ်နိုင် မပြောနိုင် မကြည့်နိုင်တော့တဲ့အထိ ဖြစ်သွားတတ်တယ်။ ဗမာစကားထဲက ချစ်လုံးလုံး မုန်းလျားလျား ဆိုတာမျိုးပေါ့။ အဲဒီအကျင့်ကတော့ မကောင်းလှမှန်း သိပေမဲ့ ပြင်လို့လည်း မရနိုင်ဘူး ထင်တာပဲ။

(၆) အရွဲ့တိုက်တတ်တာ...။
ဘ၀မှာ အဲလို အရွဲ့တိုက်မှုကြောင့် ကြုံခဲ့ရတဲ့ ပြဿနာတွေ စိတ်သောကတွေလည်း မနည်းပါ။ ဒါပေမဲ့ အရွဲ့တိုက်ရတာကိုတော့ အရသာကို ရှိတာ။ အဲဒီအချက် မုန်းစရာကောင်းမှန်းသိပေမဲ့ ခုထိတော့ မပြင်ဖြစ်သေးပါ။

(၇)အလုပ်ကို deadline နဲ့ ကပ်ပြီးလုပ်တတ်တာ။
အချက်အလက်တွေ ပြင်ပြီးသား..။ ဘာလုပ်မယ် စဉ်းစားပြီးသား..။ ဒါပေမဲ့ မလုပ်ဖြစ်သေးဘဲ ဟိုလှည့်ဒီလှည့်..။ အဲ due date တို့ deadline တို့ နှီးလာပြီဆိုမှပဲ ၀ုန်းဝုန်းဝုန်းဝုန်း ထလုပ်တတ်တာ။ (ဟီးး ဒါပေမဲ့လည်း Good job ဖြစ်နေတာပါပဲ.. ဟီဟိ)။

(၈)သူများအရှုပ်ထဲ ၀င် ၀င် ပါတတ်တာ။
အဲဒါကတော့ ၀ါသနာကိုပါတာ။ အထူးသဖြင့် အချစ်ရေး အိမ်ထောင်ရေးတွေ.. ၀င်ဝင် ခံစား..။ ၀င် ၀င် ရှင်းပေး။ ပြီးတော့ အဲဒီနှစ်ယောက်က ပြေလည်သွားပြီး ကိုယ့်မှာသာ စိတ်တွေတို ကျန်ခဲ့ရတာမျိုး။ ဥပမာ.. သူငယ်ချင်း လင်မယားနှစ်ယောက်.. ယောက်ျားက မိန်းမကို ရန်ဖြစ်တော့ ရိုက်တာ။ ကိုယ်က စိတ်တိုပီး အဲဒီယောက်ျားကို ၀င်ပြီး ရန်ဖြစ်။ နောက်ရက်ကျတော့ သူတို့ လင်မယားက ပြန်တည့်သွားပြီ။ ကိုယ်ကတော့ အဲဒီယောက်ျား (သူငယ်ချင်း)ကို ခုထိ စကားမပြောတော့။ ရည်းစားတွေ ဖောက်ပြန်တာကို ၀င်ပြောတာတို့.. အဲလို ကိုယ်နဲ့မဆိုင်ဘဲ ၀င်ပါမိပြီး မိတ်ပျက်ကုန်တာ တော်တော်များများ ရှိတယ်။ အဲဒါလည်း မုန်းစရာကောင်းတဲ့အကျင့်ပေမဲ့ ခုထိတော့ ပြင်ဖို့ မစဉ်းစားသေးပြန်ဘူး။

(၉) စိတ်မြန်လွန်းတာ..။
ခုဆို ခုမှ ... ဆိုတာ ကျမလက်သုံးစကားပေါ့။ ကျမဘေးက သူတွေက အဲဒီဒဏ် အင်မတန်ခံရတာ။ စိတ်ထဲခံစားချက်က ဖြစ်လာရင် ခုလုပ်ဆို လုပ်ရမှ.. မလုပ်ရရင် နေလို့ကို မရ။ အလုပ်ကိုသာ နေ့ည ရွှေ့တာ ကိုယ့်စိတ်ထဲ ဖြစ်လာတာမျိုးကိုတော့ စက္ကန့်တောင် မဆိုင်းတတ်။ အဲဒီစိတ်က ကိုယ့်ဝန်းကျင်ကို အဆင်မပြေဖြစ်စေတာမို့ ကြိုးစားပြုပြင် နေပါတယ်။

(၁၀)မာန်မာနကြီးတာ..။
ငါ မှန်တာလုပ်တယ်။ ဟုတ်တာပြောတယ်။ သူများကို အကျိုးယုတ်ပျက်စီးအောင် မလုပ်ဘူး.. ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မာန်တက်လွန်းတယ်။အဲဒီအခါ မဟုတ်မမှန်လုပ်နေတဲ့ သူတွေကိုဆို ခွင့်မလွှတ်နိုင်လောက် အောင် မုန်းပြီး သူတို့ရှေ့ဆို ကျမမျက်နှာက တင်းနေလောက်အောင် (အမြင်ကပ်စရာကောင်းလောက်အောင်) ကို မာန်နဲ့ နေတတ်တယ်။ တကယ်တော့ ကိုယ်မှန်တာလုပ်တာ ကိုယ့်ကိစ္စပါပဲ.. သူများ မလုပ်ရကောင်းလားလို့ ငါကတော့လုပ်တယ်လို့ မာန်တက်တာကိုက လွဲတာပါ။ အဲဒီမုန်းစရာအချက်ကိုတော့ အမုန်းဆုံးမို့ ရအောင် ပြင်နေပါတယ်။ (ခုတော့ အဲလို လူတွေရှေ့မှာ ပြုံးပြီးနေနိုင်ပြီ ဖြစ်ပေမဲ့ စိတ်ထဲကကျတော့ အော် သနားစရာကောင်းလိုက်တဲ့ ဂုဏ်သိက္ခာဆင်းရဲရှာတဲ့ လူတွေလို့ သရော်နေတတ်သေးတာ)။ ဘယ်လောက် မုန်းစရာကောင်းတဲ့အကျင့်လဲနော်..။ အဲဒီအကျင့်လေးသာ ဖျောက်နေရင်တော့ ကျမ တော်တော် ကောင်းသွားမှာ..။

ကဲ.. ပြီးပြီ။(တကယ်တော့ တခြားအချက်တွေ ကျန်ဦးမှာပါ.. ဒါပေမဲ့ သူတို့ပြောထားတာ ၁၀ချက်ပဲဆိုတော့ ရပြီ)။ ခုတော့.. ဒေါ်မေငြိမ်း သဘောကောင်းတယ်ထင်သူများ.. ခုတော့ ဒေါ်မေငြိမ်းလည်း စိတ်ပုပ်တာပဲလို့ သိကုန်ပြီ။ ဒါပေမဲ့ မတတ်နိုင်။ အမှန်အတိုင်းပဲ ပြောပြချင်ပါတယ်။ ကျမကတော့ တကယ်တွေကို အခန့် ရေးတာပါ.. တူညားတွေလို အတည်ကို နောက်သလိုလိုနဲ့ ရေးတာမဟုတ်..။ ခိခိ... ။

9 comments:

ATN said...

တူတာတွေလည်း တူ...
မတူတာတွေလည်း မတူပေါ့ဗျာ...

ကျနော်ကတော့ ပြင်ဖို့ကို တခါမှ မကြိုးစားဖူးသေးပါ...

pandora said...

ဒါမျိုး မုန်းစရာတွေ ရှိသလား
အို.. ဒါဆို မုန်းသွားပြီ. မုန်းဒယ် မုန်းဒယ် ဒါပဲ။ :P

(မမုန်းစေချင်ရင် ခရစ်စမတ်လက်ဆောင် ကောင်းကောင်းပို့လိုက်ပါ)

s0wha1 said...

၁၊ ၄၊ ၈၊ ၉ ကတူတယ်။ ၃၊ ၅၊ ၆ ကတော့ ခေါင်းစဉ်တူပြီး အကြောင်းအရာ သိပ်မတူဘူး။ ခိခိရဲ့ သဘောတရားကို သိသလိုပဲ။ ဟိ

MANORHARY said...

အဲလိုကြောင့်သာမုန်းရရင် ကိုယ့်ကိုယ်ကိုလည်းမုန်းရမှာပဲ
မဟုတ်ဘူးလား...ဟဲဟဲ..ဒီလိုပြောတဲ့တွက်လည်း
ခရစ္စမတ်လက်ဆောင်ပို့လို့ရတယ်နော်.. :P

Moe Cho Thinn said...

အတော်တူနေလို့ မုန်းစရာလို့ မမြင်တော့ပါဘူး ဆရာမ။ အဟိ :P

Anonymous said...

(၄) အယုံလွယ်တာ..။
(၇)အလုပ်ကို deadline နဲ့ ကပ်ပြီးလုပ်တတ်တာ။
(၉) စိတ်မြန်လွန်းတာ..

me tooo... hehe

လင်း said...

လင်းမှာတော့ ၁၀ချက်ထက်မက ပိုများနေတယ်။ tag ခံထားရလို့  အချက်အလက်စီစစ်နေရတယ်။ဟီးး မကောင်းတာတွေ များနေလို့  ရွေးနေရတယ် ဆရာမရေ။ မျက်ရည်လွယ်တာ။ စိတ်မြန်တာ။ စွာတာ ။တူပါသကော ဆရာမရေ

Unknown said...

မမ/ဆရာမ..ကျမနဲ့ ၁၀ချက်လုံးတူနေတယ် ပျော်လိုက်တာ..အဲဒါလူဖြောင့်စိတ်တိုတွေပေါ့
မမရဲ့စာတွေကိုဟိုငယ်ငယ်ထဲကကြိုက်ခဲ့တဲ့စာဖတ်ပရိတ်သတ်တစ်ယောက်ပါ

သက်ဝေ said...

ဆရာမ...
တိတွားပြီ... တိတွားပြီ... ဟဲဟဲ..
ဖြစ်တတ်တာတွေပါ ဆရာမရဲ့ 
မုန်းစရာတော့ တကယ်မကောင်းပါဘူး...