Jun 15, 2007

မွေးတဲ့နေ့

လွန်ခဲ့တဲ့ လေးဆယ့်နှစ်နှစ်တုန်းက.. အဲဒီညမှာ
လပြည့်နေ့မို့ လမင်းကလဲ ပြည့်ပြည့်၀၀ကြီးသာနေတာတဲ့။
ပြီးတော့ နယုန်လမို့ အဲဒီညမှာ မိုးကလဲ ရွာနေသေးတာတဲ့။
စံပယ်ပန်းနံ့..ညမွှေးပန်းနံ့..ဇွန်ပန်းနံ့တွေကလဲ မွှေးပျံ့လို့တဲ့။
အဲဒီလိုညမျိုးမှာ အမေက ဂန္ဓီဆေးရုံကြီးရဲ့ ကော်ရစ်ဒါမှာ
ပြတင်းပေါက်သံဇကာတွေကို တင်းတင်းဆုပ်ကိုင်ရင်း…

လမင်းကို မော့ကြည့်လိုက်…
အင်္ဂုလိမာလသုတ် မေတ္တာသုတ် ခန္ဓသုတ်တွေရွတ်လိုက်နဲ့
ချွေးစေးတွေပြန်လောက်အောင် ဗိုက်နာနေခဲ့တာ။
သားဦးဖြစ်ပြီး ကလေးက ထွားလို့တဲ့..
အမေ့ခမျာ..အံကြိတ်..လက်သီးဆုပ်..ဒူးတွေတောင်ဆတ်ဆတ်တုန်သတဲ့။
ဆက်တိုက်ဗိုက်နာနေတာ ၅နာရီလောက်ကြာပြီးမှ အဲဒီ လပြည့်ညမှာ
ကျမကို မွေးခဲ့ပါတယ်။(အရပ် ၅ပေပဲရှိတဲ့ အမေ့ခမျာ

၈ပေါင်ကျော်ရှိတဲ့ သားဦးကျမကို တော်တော်ပင်ပန်းပြီးမှ
မွေးခဲ့ရကြောင်းကို ကျမကိုယ်တိုင် ၈ပေါင်ခွဲရှိတဲ့ သားကြီးကိုမွေးရမှပဲ
သေချာသိခဲ့တာပါ။)အမေကတော့ ဒီလောက်ဗိုက်နာနေတာတောင်
နယုန်လပြည့်ညရဲ့ မိုးအေးအေးထဲမွေးပြီး..တနင်္လာနေ့လဲ ဖြစ်လို့
ယောက်ျားလေးပဲမွေးမွေး မိန်းကလေးပဲမွေးမွေး..

ငြိမ်း
ဆိုတာပါအောင်ပေးမယ်လို့ စဉ်းစားနေခဲ့တာတဲ့။

အဲဒီညက …
အမေ မွေးခန်းထဲ နာကျင်ပင်ပန်းနေချိန်မှာ..
အဖေကတော့ ကော်ရစ်ဒါမှာ စိတ်တပူပူပေါ့။
နောက်တော့ မွေးခန်းမှာ သူနာပြုတွေ ၀င်ချည်ထွက်ချည်..
အပြေးအလွှားနဲ့ အောက်ဆီဂျင်ဗူးအသင့်ပြင်။

အဲဒီမြင်ကွင်းတွေ မြင်နေရတဲ့အဖေ့မှာ ..နေလို့ထိုင်လို့မရ။
ခဏကြာလို့ မွေးခန်းထဲက ကလေးငိုသံကြားလိုက်ရတဲ့အထိတောင်
အမေအတွက်ပူစိတ်နဲ့ စိတ်က ဒုန်းဒုန်းမကျသေးဘူးတဲ့။
နောက်မှ.. ကျမနဲ့ အမေ့ကို တွေ့ရမှ..ရယ်နိုင်ပြုံးနိုင်သတဲ့။
ဒါတောင်.. ကျမက ညှပ်ဆွဲ(Forceps)မွေးမို့ ဥာဏ်မကောင်းမှာကို

ပူနေခဲ့သေးတာတဲ့။နောက်တော့ အဖေက အမေ့ကို ..
ဒီလောက်မွေးရခက်တဲ့ကောင်ကို တနင်္လာသမီးလဲ ဖြစ်တော့

ခက် လို့ နာမည်ပေးမယ်ကွာလို့ ပြောသတဲ့။
အမေက..အာ.. မလုပ်ပါနဲ့..ငါ့သမီးဘ၀မှာ ခက်နေပါမယ်တဲ့။
တကယ်တော့ အဲဒီတုန်းက ခက်ဆိုတဲ့နာမည်ကို
ခေတ်မီတယ်ထင်ပြီး အဖေက ကြိုက်ကို နေတာတဲ့။

ဒါနဲ့ ခက်လို့ပဲ နာမည်ပေးဖို့ အမေ့ကို အရအမိပြောတာတဲ့။
အမေကလဲ ငြိမ်းမှ ငြိမ်း..
အဖေကလဲ ခက် မှ ခက်။
နောက်တော့မှ နှစ်ယောက်သဘောတူမှုရသွားကြပြီး
ကျမနာမည်ကို
ငြိမ်းခက်ခက် လို့ အတည်ပြုလိုက်တော့တာ။
(နောက်တော့ ငြိမ်းဖို့ခက်ရတဲ့အထဲ ထိန်းဖို့လဲခက်တဲ့
အဲဒီခေါင်းမာမာသမီးကို
အဖေနဲ့ အမေ ဒုက္ခခံမွေးခဲ့ရတာ.. တသက်လုံး…)

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက အမေ၊ကျမနဲ့ အဖေ..

ကျမကတော့…
အဲဒီနာမည်ဟာ ငြိမ်းဖို့ခက်တယ်ဆိုတာမျိုး
အဓိပ္ပါယ်ရနေတယ်လို့ ထင်တာမို့ (တကယ်လဲ ငြိမ်းဖို့ခက်ခဲ့)
ငယ်ငယ်ကတည်းက စာအုပ်တွေမှာ နာမည်ထိုးတိုင်း
နာမည်ရဲ့အောက်မှာ

Peace is not easy to get.
But I conquer…

လို့ ကလေးအတွေးနဲ့ ကိုယ့်ဘာသာ ရေးရေးထားခဲ့တာ။

ကျမက ဂျူးလိယက်ဆီဇာရဲ့
I come,
I see,
And
I conquer…..
ဆိုတာကိုလဲ သဘောကျတာကိုး။

စာရေးတော့မယ်လို့ ကလောင်နာမည်စဉ်းစားတဲ့အခါမှာတော့
နာမည်အရင်းက မာရေကျောရေနိုင်တယ်လို့ ထင်တာနဲ့ပဲ
နည်းနည်းများနူးညံ့သွားမလားလို့ မေငြိမ်းလို့ ရွေးခဲ့တာ..။
မထင်မှတ်ဘဲ အတည်ဖြစ်သွားရာက မေငြိမ်းကိုတော့
၁၉၈၆ မှာ မွေးဖွားခဲ့ပါတယ်။

အင်း…လွန်ခဲ့တဲ့ ၇၉နှစ်..၁၉၂၈ခုနှစ်ရဲ့ ဒီနေ့လို ဇွန်၁၄မှာတော့
တော်လှန်ရေးလောကမှာ သူရဲကောင်းတစ်ဆူဖြစ်လာမယ့်
(ကျမအင်မတန်လေးစားရတဲ့)
ချီ ( Che Guevara)ကို အာဂျင်တီးနားနိုင်ငံမှာ မွေးခဲ့တယ်။

အဲဒီနောက် ၁၈နှစ်အကြာ.. ၁၉၄၆ခုနှစ်ရဲ့ ဇွန်၁၄ကျတော့
စီးပွားရေးလောကထဲ သမားတစ်ဆူဖြစ်လာမယ့်
Donald Trump ကို အမေရိကမှာ မွေးခဲ့တယ်။

၁၉၆၉ ခုနှစ်ရဲ့ ဇွန်၁၄မှာတော့
တင်းနစ်လောကထဲ ချန်ပီယံတစ်ဆူဖြစ်လာမယ့်
Steffi Graf ကို ဂျာမနီမှာ မွေးခဲ့တယ်။

ဒီလူတွေကတော့ နယ်ပယ်တခုမှာ အထင်ကရဖြစ်သူတွေပေါ့။
အင်တာနက်က မှတ်တမ်းတင်ရတဲ့ အကျော်အမော်တွေ။
ဒါဖြင့် ဇွန်၁၄ဖွားတွေထဲမှာ အဆိုးတွေ အဖျင်းတွေရော
မပါဘူးတဲ့လား… ပါမှာပေါ့။ဒါပေမဲ့ လောက သဘာဝအတိုင်း
အကောင်း အမွန်ကိုသာ မှတ်တမ်းတင်လိုပေလိမ့်မယ်။
နောက်ထပ်သေချာတာတခုကတော့
အဲဒီကျော်ကြားသူများဟာ မှတ်တမ်းတင်ခံရဖို့ဆိုတာထက်
လောကထဲ အသုံးဝင်အောင် အသုံးကျအောင်နေရင်းက
အထင်ကရဖြစ်သွားကြတာပါပဲ။ဆိုတော့…
သူတို့လို မကျော်ကြားခဲ့၊မှတ်တမ်းတင်မခံခဲ့ရတောင်မှပဲ
ကိုယ့်ဝန်းကျင်က ကိုယ့်ကိုလိုအပ်နေအောင် အသုံးကျနေရင်
ကောင်းလေစွလို့ တွေးမိပါတယ်။
ဒါမှလဲ..ပင်ပင်ပန်းပန်းမွေးခဲ့ဖွားခဲ့ရတဲ့
အဖေနဲ့ အမေ့ခမျာလဲ မွေးရကျိုးနပ်ရှာမယ်..
ပြီးတော့ ကျမဘက်ကလဲ
မိဘရဲ့မွေးကျေးဇူးကို ငဲ့ရာကျပေလိမ့်မယ်။
ပြီးခဲ့တဲ့ ၆နှစ်၊ အဖေဆုံးပါးတဲ့အချိန်ထိ..
ဒီသမီးအတွက် အဖေစိတ်မငြိမ်းရသေး…
(အဖေ့ခမျာ သူ့သမီးကြီးကျမနဲ့ပတ်သက်ရင်စိတ်ချမ်းသာစရာဆိုလို့
ကျမ မေငြိမ်းဖြစ်လာတာပဲရှိပါတယ်။အဖေက ကျမ တက္ကသိုလ်မှာ
ဆရာမဖြစ်တာထက် မေငြိမ်းဖြစ်လာတာကို ကျေနပ်သူ..
အမေကတော့ ဆရာမဖြစ်တာကိုကျေနပ်။
ဒါကတော့ ကျမဘ၀မှာ ဖြေသာစရာ။)
ကြည့်ပါဦး…ခုပဲ.. ၄၂နှစ်ရှိခဲ့ပြီ။
ကျမ မိဘအပေါ် ဘယ်လောက်မှ ကျေးဇူးမသိရသေး။
(ကိုယ့်ဘ၀ကတောင် ခုချိန်ထိ ဘာတခုမှ သေချာတာမရှိသေးတာမို့
နောက် ဆိုတာကလဲ ဘယ်လောက်မှ မသေချာ..)

ဒါပေမဲ့
လုံးဝသေချာတာတစ်ခုကတော့..
ဒီကနေ့မှာ
အမေကတော့
မျက်စေ့အောက်ကနေ ပျောက်သွားခဲ့တဲ့
သမီးကြီးကျမအတွက်…
အိမ်ကဘုရားမှာ ဆွမ်းကပ်ရင်း..
တနေရာရာမှာ အလှူဒါနလုပ်ရင်း..
(ပြီးတော့ တိတ်တိတ်ကလေး မျက်ရည်ကျရင်း)
ဆုတောင်းပေးနေမှာကတော့ .. သေချာလှပါတယ်။
ကျမမှာကတော့ အမေ့ကျေးဇူးတွေအတွက် ပြန်ပေးစရာ…….

အမေရေ..
လောလောဆယ်တော့
ကိုယ့်ဝန်းကျင်လောကလေးမှာ.. အနည်းဆုံး
အားဆေးတစ်ခွက်လောက်တော့အသုံးဝင်အောင်…
အဆိပ်ရည်အဖြစ် တစ်စက်မျှတောင်မဖြစ်ရအောင်..
ကြိုးစားတည်ဆောက်နေနေတာကပဲ..
မွေးတဲ့မိဘအတွက် သမီးတတ်နိုင်သလောက်
ကျေးဇူးဆပ်နေတာလို့သာ စိတ်ဖြေပါရစေတော့နော်..အမေ။

မေငြိမ်း(ဇွန်၁၄-အမှတ်တရ)

14 comments:

Thet Oo said...

ရှားပါး ဓါတ်ပုံလေးပဲ။ ဘလော့ဂ်မှာလည်း ဓါတ်ပုံတွေတောင် တင်လို့်ရနေပြီ။ အားပေးနေပါတယ်ဗျာ။

s0wha1 said...

အန်တီရေ...ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ...
မမေနဲ့ကိုကြီးတို့ထက်ဦးပြီး ဆုတောင်းပေးလိုက်ပြီ...

ကလိုစေးထူး said...

ပဲ့ပြင်ဆုံးမပေးတဲ့ အစ်မကြီးတယောက်လို…
သင်ကြားပြသပေးတဲ့ ဆရာမ တယောက်လို…
ချစ်ရပါသော ဆရာမ မေငြိမ်းရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သော မိသားစု ဘ၀လေးနဲ့ အတူ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝရပါစေ…။

မေဓာဝီ said...

လေးစားရတဲ့
အမမေငြိမ်း …
ဒီကနေ့ ကျရောက်တဲ့
မွေးနေ့မှသည် …
ထာဝစဉ်
ငြိမ်းချမ်းပါစေ …
ငြိမ်းချမ်းရေးအတွက်လည်း
ဆောင်ရွက်နိုင်ပါစေ … လို့
ဆုတောင်းလိုက်ပါတယ် … အမရေ … ။

Tesla said...

ပျော်ရွှင်ဖွယ်မွှေးနေ့ပါဆရာမ တိုင်းပြည်အကျိုး ပိုမိုသယ်ပိုးနိုင်ပြီး ကျန်းမာ. ချမ်းသာ. ၀မ်းသာ. ဘေးကင်း နဲ့ အောင်မြင်ခြင်းတွေ ရနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်..

pandora said...

မင်္ဂလာရှိသော မွေးနေ့ပါ ဆရာမရေ.. သက်ရှည်ကျန်းမာစွာဖြင့် ချစ်သူများနှင့် မခွဲမခွာနေရကာ ကောင်းသော လိုရာဆန္ဒတွေနဲ့ ပြည့်ဝပါစေလို့။
ချစ်သော
ပန်ဒိုရာ

မေငြိမ်း said...

မေတ္တာနဲ့တောင်းပေးကြတဲ့ဆုတွေ..
တလုံးတ၀ထဲ ရပါရစေ..

Ka Daung Nyin Thar said...

ဟက်ပီ ဘက်ဒေးပါ ဆရာမ
နောင် နှစ်ပေါင်းများစွာ စာတွေ ဆက်ရေးနိုင်ပါစေခင်ဗျာ

Chocolaier said...

Happy Birthday
နောက်ထပ်နောက်ထပ်မွေးနေ့တွေမှာ ဆရာမနဲ့တူတူ မြန်မာပြည်မှာ ကျင်းပနိုင်ပါရစေလို့ ဆုတောင်းမိပါတယ်။
ချိုကိုတို့ရဲ့ အိမ်ကြီးမှာလေ။ မိသားစုအကုန်နဲ့။ ဆရာမ ဘယ်လိုသဘောရလဲ။ ပျော်ဖို့အရမ်းကောင်းမှာနော်။

မေ said...

ဟက်ပီးဘတ်သ်ဒေးပါ ဆရာမ။
ယုံကြည်တဲ့၊ ရည်မှန်းတဲ့လမ်းအတိုင်း အောင်မြင်စွာ
ချစ်ခင်ရသော မိသားစုနဲ့အတူ လျှောက်လှမ်းနိုင်ပါစေရှင်။

M.Y. said...

မေငြိမ်း..တဲ့.. ဂျူးပြီးတော့ နောက်ထပ်ကျွန်တော်တို့  လူငယ်ပရိသတ် ကို ရသွားခဲ့တဲ့ အစ်မ ရဲ့ ပထမဆုံး လုံးချင်း ကိုစဖတ်ရ ကထဲ က မေငြိမ်း ဆိုတဲ့ရိုးပြီး ခေတ်ဆန်တဲ့ ကလောင်နာမယ် နဲ့  လူငယ်ကိုယ်စားပြု ရေးဟန် က ပရိသတ်အတွက် မှတ်ရလွယ်ကူစွာ တင်ကျန်ခဲ့ ပါတယ်။

May your dream come true… May peace be with you..လို့  ပြောကြသလို May ဆိုတာ ဆုမွန်ကောင်းတွေ အတွက်လဲ ကိုယ်စားပြုနေသလို ပါပဲ။ ငြိမ်း က ငြိမ်းချမ်းရေး၊ အင်္ဂလိပ် မြန်မာ အနက်တွေ ပေါင်းလိုက်တော့ ငြိမ်းချမ်း ပါစေ ဆို တဲ့ ငြိမ်းချမ်းရေးဆုမွန် တောင်းပေးမယ့် မြန်မာအမျိုးသမီးစာရေးဆရာမတစ်ဦး ပေါ့…
အစ်မ မွေးနေ့ ဒီနေ့ မှ စပြီး ပျော်ရွှင်ရပါစေ..

Happy Birth Day (Sayama)May Nyein..
မောင်ရင်
(မေငြိမ်း လို့ အစ်မ နာမယ် အတိုင်းရေးလိုက်တာ မရိုသေလို့ မဟုတ်ပါ။တစ်ချို့  အနူပညာသမားတွေ က နာမည်ရှေ့မှာ ဦး၊ဒေါ်တပ်ခေါ် ရင် တမျိုးကြီး ဖြစ်ပြီး မကြိုက်တတ်ပါ။ ဥပမာ ကာတွန်း ဦးငွေကြည် က ကာတွန်း ငွေကြည် ပဲ ရေး တာကြိုက် တယ်လို့ ရေးဖူးပါတယ်။ဒေါ်မေငြိမ်းလို့ ရေးရတာထောက်လို့  အစ်မရဲ့  အနူပညာကလောင်နာမယ် အတိုင်း ရေးလိုက်တာပါ။အပြင်မှာတော့ အစ်မ၊ ဆရာမ မေငြိမ်း ပေါ့နော)

မေငြိမ်း said...

ချိုကို၊ကဒေါင်း၊မေရေ..
ကျမအတွက် စေတနာဆုတောင်းတွေကြားရတာ
စိတ်ထဲ တကယ်အားရှိရပါတယ်။
ကိုမောင်ရင်ရေ..ဟုတ်ပါတယ်..
ကျမကိုယ်တိုင်လဲ ကလောင်နာမည်ရှေ့မှာ
ဒေါ်-မ တပ်ရတာ တခါတလေတမျိုးဖြစ်ပါတယ်။
ဒါကြောင့် ကျမဆီမှာ အဲဒီအတွက် ပြဿနာမရှိပါ။

မေငြိမ်း said...

မေရေ..
ကျမအတွက် စေတနာဆုတောင်းတွေကြားရတာ
စိတ်ထဲ တကယ်အားရှိရပါတယ်။
ကိုမောင်ရင်ရေ..ဟုတ်ပါတယ်..
ကျမကိုယ်တိုင်လဲ ကလောင်နာမည်ရှေ့မှာ
ဒေါ်-မ တပ်ရတာ တခါတလေတမျိုးဖြစ်ပါတယ်။
ဒါကြောင့် ကျမဆီမှာ အဲဒီအတွက် ပြဿနာမရှိပါ။

Chit Lay Pyay said...

ဆရာမ မွေးနေ့မှာပျော်ရွှင်ပါစေ၊ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆုနဲ့ပြည့်စုံပါစေ၊ နှစ်ပေါင်းတစ်ရာကျော် အသက်ရှည်ပြီး စာများများရေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်