Oct 2, 2008

ပထမဆုံးများ

မတန်ခူးက အမှတ်တရ Tag တာ စက်တင်ဘာ ၂၇ကတည်းက။ ဒါပေမဲ့ ခရီးကြမ်းတခုထွက်လိုက်ရလို့ အင်တာနက်နဲ့ အဝေးကြီးမှာ။ ခု ပြန်ရောက်မှ ဘလော့တွေလျှောက်လည်။ ဘာရေးရမယ်မသိ… စိတ်တွေ ပင်ပန်းနေတုန်း မတန်ခူး အမှတ်တရ Tag တာလေးတွေ့မှ နည်းနည်း စိတ်သက်သာရာရသွားတယ်။ အဲဒါလေးပဲ ရေးမှပေါ့။ ပြီးတော့ ခေါင်းစဉ်လေးကိုက ရေးချင်စရာ…။ ပထမဆုံးများ..တဲ့။ တကယ်ရေးရင် ၀တ္ထု တို လေးတပုဒ်တောင် ဖြစ်နိုင်သေးး နော..။ ကဲ မှတ်မိသလောက်နဲ့ ရေးပြီ မတန်ခူးရေ..။ အင်းးး … ဒါလည်း လွမ်းစရာလေးတွေပါပဲကလားနော်။

ပထမဆုံးတက်ရသည့်ကျောင်း
ငယ်ငယ်က ပန်းဘဲတန်းမြို့နယ်ထဲက ရွှေဘုံသာလမ်း(မဂိုလမ်း)မှာ နေတာ။ ပြီးတော့ အမေက အဲဒီလမ်းထဲက ပန်းဘဲတန်းအထက(၂)မှာ ကျောင်းဆရာမ။ ဒါနဲ့ ကျောင်းနေရတော့လည်း အဲဒီကျောင်းပေါ့။ ရွှေဆိုင်တန်းတွေရဲ့ အပေါ်ထပ်က မထင်မရှား အဆောက်အဦးအိုကြီးပေါ့။ လူတွေက ကုလားကျောင်းလို့ ခေါ်ကြလို့ ၀မ်းနည်း ခဲ့ရဖူးတယ်။ ဒါပေမဲ့ အဲဒီကျောင်းက စစ်တွင်းတုန်းက သမိုင်းဝင် ယာယီကောလိပ် ဖြစ်ခဲ့တာ။ တက္ကသိုလ်မောင်မောင်ကြီးက ပလာတာကောလိပ်လို့ ရေးခဲ့ဖူးတဲ့ ကျောင်းကြီးပေါ့။ ဘာပဲဖြစ်ဖြစ် သူငယ်တန်းကနေ ၁၀တန်းအောင်တဲ့ အထိ နေခဲ့တဲ့ အဲဒီကျောင်းကို ချစ်တယ်။

ပထမဆုံးတက်ရသည့်အတန်း
သူငယ်တန်း(က)…။ ဆရာမသမီးမို့ (က)တန်းရတာလားတော့ မေမေပဲ သိမယ်။

ပထမဆုံးအတန်းပိုင်ဆရာမ
အတန်းပိုင်ဆရာမက ဖြူဖြူချောချော သိပ်ချစ်စရာကောင်းတဲ့ ဆရာမလေးပဲ.. နာမည်က ဒေါ်တင်တင်ရီတဲ့။ တခု မှတ်မှတ်ရရ သတိရတာက အားလပ်ချိန်တွေမှာ ကလေးတွေကို စာသင်ခုံပေါ် ခေါင်းငုံ့ မှောက်အိပ်ခိုင်းပြီး ဘေးခန်းက ဆရာနဲ့ ရည်းစားစကားတွေ ခိုးပြောနေတာပဲ။ ကျမ ခေါင်းထောင်ပြီး ခိုးမော့ကြည့်တဲ့ တချိန်မှာ ဆရာက ဆရာမရဲ့ လက်ကလေးကို ကိုင်ပြီးဆရာမက ခေါင်းငုံ့ရှက်ပြီးပြုံးနေတာကို တွေ့လို့ ရည်းစားစကားလို့ အပိုင်သိတာ..ဟဲဟဲ.. (ငယ်ငယ်ကတည်းက ဒါမျိုးတွေမှာ အဲလို အကင်းပါးတာ)။

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)
ဥမ္မာ..တဲ့။ ဟိန္ဓူမ ချောချောလေး။ ခုထိ အပျိုကြီးလုပ်နေတဲ့ ကျောင်းဆရာမ ပေါ့။ သိပ်အေးပြီး သိပ် အိနြေ္ဒရတာ..။ ကျမလို စွာစွာကဲကဲ မဟုတ်။ သူနဲ့ သူငယ်တန်းကနေ ၁၀တန်းထိ တတန်းထဲ ဘေးချင်းကပ် အတူတူ ထိုင်ခဲ့တာ။

ပထမဆုံးသောသူငယ်ချင်း(ယောက်ျားလေး)
ကျမ မှတ်မိသလောက်တော့ ယောက်ျားလေးနဲ့ မိန်းကလေးရောတဲ့ကျောင်းဖြစ်ပေမဲ့ ယောကျာ်းလေးတွေက ကဲလွန်းလို့ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ သိပ် မပေါင်းဖြစ်ကြဘူး။ ကျမမှတ်မိတဲ့ သူငယ်ချင်းကတော့ ကျော်လင်း..တဲ့။ ရုပ်ရှင်မင်းသား ဇင်ဝိုင်းငယ်ငယ်က ရုပ်မျိုးလေးပဲ။ သူနဲ့လည်း ၈တန်းထိ တတန်းထဲပဲ။ ရန်ဖြစ်လိုက်.. ပြန်ခေါ်လိုက်ပေါ့။ ၅တန်း ၆တန်းလောက် ရောက်တော့ အတန်းထဲမှာ သူငယ်ချင်းတွေက ကျမတို့ နှစ်ယောက်ကို စလို့ နည်းနည်း စိမ်းသွားတယ်။ ၈တန်းရောက်တော့ သူ ကျောင်းပြောင်း သွားတယ်။

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)
ဝတ္ထုစာအုပ်ဆိုရင်တော့ အဖေ ဖတ်ခိုင်းလို့ ကြိုးစားပြီးဖတ်ရတဲ့ ပေါ်လီယာနာ ဘာသာပြန်ဝတ္ထု။ အဲဒီတုန်းက ၄တန်းပဲ ရှိသေးတယ်။ ဘာစာအုပ်ဖြစ်ဖြစ်ဆိုရင်တော့ သူငယ်တန်းသင်ပုန်းကြီး ဖတ်စာအုပ်ပေါ့..လို့။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)
က-ကညစ်ပေမှာခြစ်.. ခ-ခရာအသံသာ..ပေါ့။

ပထမဆုံး ရဖူးသောဆု
လေးတန်းအောင်တုန်းက ကျောင်းက ပေးတဲ့ ထူးချွန်ဆု။

ပထမဆုံး စီးရသော ဘတ်စ်ကား
ငယ်ငယ်လေးထဲက ဘတ်စ်ကားနဲ့မှ အလုပ်ဖြစ်ရတဲ့ ရန်ကုန်သူပဲဟာ.. ဘယ်မှတ်မိတော့မလဲလို့။ သိတတ်တဲ့အရွယ်ရောက်တော့ ဘတ်စ်ကား စီးသားကျနေခဲ့ပြီ။

ပထမဆုံး ဆိုခဲ့သော သီချင်း
သိတတ်တဲ့အရွယ်မှာ ခဏခဏဆိုမိတယ်လို့ မှတ်မိနေတာကတော့ ဒေါ်မာမာအေးရဲ့ 'စိန်နားကပ်ကြီးပန်ရမလို' ဆိုတဲ့သီချင်း..(ခုတော့ မမှတ်မိတော့ဘူး)။ ဒါပေမဲ့ ၄တန်းလောက်မှာ ဌာန်ကရိုဏ်းကျကျ စဆိုတတ်တာ ကတော့ “မိုးစက်လေးတွေ တပေါက်ပေါက် သစ်ရွက်ကြွေသံ တဖြောက်ဖြောက် ချမ်းတယ် စီးတယ် သဘောမှာမပေါက် တို့မှာ ကိုယ်စီခမောက်” ဆိုတဲ့ "ပန်းကောက်တေး" သီချင်း။ အဲဒီသီချင်းနဲ့ ကျောင်းကပွဲမှာ ကတာမို့လို့လေ။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
Hit Songs (20years before) ဆိုတဲ့အခွေ။ အဲဒီတုန်းက ၁၉၈၀ကျော်လောက်ထင်ပါရဲ့။

ပထမဆုံး ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ
Beatles ခွေ

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
သီရိဂေဟာ - ကလေးဇာတ်ဆောင်တွေပါတဲ့ ရုပ်ရှင်မို့ဆိုပြီး အဖေလိုက်ပြတာ။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
အဲ..ဒုက္ခတော့ရောက်ပြီ။ လိမ်ရမှာလည်း ရှက်စရာ…။ အဖေက တက္ကသိုလ်ရောက်မှ ရည်းစားထားရမယ်လို့ မှာထားလျက်နဲ့ အဖေ့စကား နားမထောင်တာလည်း ပေါ်ပေါ့။ ၁၀တန်းတုန်းက တိတ်တိတ်လေး ခိုးထားတာ။ အင်းး ရင်ခုန်စရာပါပဲ။ တကယ်တော့ ကိုင်ဇာ့အပြစ်လည်း ပါတာပေါ့.. သူ့သီချင်းတွေ နားထောင်ပြီးတော့ပေါ့.. ။ မိန်းကလေးဆိုတော့ ဘောလုံးကိုလည်း ကျုံး ကျုံး ကန်စရာလည်း မရှိလေတော့ 'ကိုယ်ရံတော် တပ်မှူးလေး' ကိုပဲ မျှော်ရတော့တာ… ဟဲဟဲ..။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ
အဲဒီရည်းစားကတော့ ကျမက လူထက်ပိုပြီး စာက ချစ်စရာကောင်းတာဆိုပဲ.. အဲဒီကတည်းက အချစ်ဝတ္ထုရေးဖို့ ၀ါသနာပါခဲ့တာ ထင်ပါရဲ့နော်။

ပထမဆုံး ကဗျာ
သုံးကြောင်းကဗျာလေးဆိုတာပဲ မှတ်မိတော့တယ်။ မှတ်မှတ်ရရ ၈တန်းနှစ်မှာ ရေးတာ။ စာသား မမှတ်မိတော့။

ပထမဆုံးရောက်ခဲ့သော အခြားမြို့
အဖေ အမေရဲ့ဇာတိဖြစ်တဲ့ ပုသိမ်ပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆို အဘိုးအဘွားတို့ဆီ သွားလည်တာ။ ဗန္ဓုလဆိုတဲ့ နှစ်ထပ်သင်္ဘောကြီးနဲ့။ တပေါင်းပွဲရက်ဆို မော်တင်စွန်းဘုရားပွဲ သွားသေး။ အိုးးး သိပ်ပျော်တာပေါ့။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
အင်း.. ကိုယ်နဲ့ အနီးနိုင်ဆုံးက ထိုင်းနိုင်ငံဆီကိုပေါ့။ အဲဒီတုန်းက ၁၉၉၆..။ ဘားအံကောလိပ်မှာတာဝန်ကျတုန်း.. တပည့်တွေလိုက်ပို့လို့ မဲဆောက်ကို တက်ပြီး ဈေးဝယ်တာ။ ပြီးတော့ ရန်ကုန်ကသူငယ်ချင်းတွေကို ပြန်ကြွားတာပေါ့။ ငါ ထိုင်းကို ရောက်ခဲ့တယ်ပေါ့.. လျှောက်လည်ခဲ့တယ်ပေါ့.. ဟီဟိ။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊ အရက်
အင်းးး မကောင်းမှန်းသိပေမဲ့ စိတ်ညစ်ညစ်နဲ့ စမ်းကြည့်ခဲ့ဖူးတာ.. ၁၉၉၅ ၀န်းကျင်.. ငါးသုံးလုံးစီးကရက်။ ပြီးတော့ အဖေလက်ဆောင်ရပြီး မသောက်တတ်ပေမဲ့ ပုလင်းလှလို့ဆိုပြီး သိမ်းထားတာကို New Year မှာ ညီအမတတွေ အဖေ့ဆီက အပျော်တောင်းသောက်ခဲ့တဲ့ Chevas လို့ စာလုံးပေါင်းတယ်ထင်ပါရဲ့။ အဲဒီ ၀ီစကီ တစ်ပက် စသောက်ဖူးတာ။ ခုထိတော့ အရက်မကြိုက်။ ဒါပေမဲ့.. ၀ိုင်တော့ ကြိုက်သား..( ဆေးဖြစ်ဝါးဖြစ် ပါ :P)

ပထမဆုံး ချက်ဖူးသော ဟင်း
ချဉ်ပေါင်ကြော် (ဆီမပြန်ခင် ချလိုက်မိလို့ သိပ်စားမကောင်းလှ။)

ပထမဆုံး ပစ်ဖူးသော သေနတ်
ကျိုက်ထီးရိုးက စက်သေနတ်

ပထမဆုံး ဘလော့ပို့စ်

ခေါ်သံ
ဟောဟိုးမှာ...

လင်းပွင့်လွင်ပြင်
ငြိမ်းချမ်းခြင်း ကောင်းကင်နဲ့
ကြာတွေပွင့်တဲ့ ကန်သာ
လိုက်ခဲ့ လာ...
ဒါပေမဲ့...
ခြေလေးစရာ
မိရိုးဖလာ ချပ်ဝတ်တန်ဆာတွေ ချွတ်ခဲ
့စိမ်းလက်တဲ့ မြက်ခင်းပြင်ထဲ
ဲရဲဝံ့စွာလျှောက်မယ်ဆို
ပေါ့ပါးဖို့ လိုတယ်လေ...
ပြီးရင်...
ပျော်ရွှင်ဖွယ်တေးတွေ
သီကြွေးလို့
သွားစို့။

(လွန်ခဲ့တဲ့ အနှစ် ၂၀က ရေးခဲ့တဲ့ ကဗျာကို နဲနဲပြုပြင်ထားတာပါ။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
တက္ကသိုလ်ရောက်တော့ အတန်းလစ်တတ်လာတာပေါ့။ တရက်လုံးကျောင်းပြေးတာလည်း အဲဒီတော့မှပဲ ။ ရုပ်ရှင် သွားကြည့်တာလေ။ မှတ်မှတ်ရရ.. ပထမနှစ်ကျောင်းသူဘ၀။ ကျောင်းပြေးပြီးတကူးတက သွားကြည့်တဲ့ကားက 101 Dalmatians ဆိုတဲ့ ခွေးသူခိုး ကာတွန်းကား။ အဲဒီနေ့ပဲ ခိုးကြည့်တာ အဖေ့သူငယ်ချင်းကတွေ့လို့ တိုင်တာနဲ့ အဖေ သိသွားတာပေါ့။ အဖေက စိတ်တိုတယ်.. သူက အင်မတန်ရုပ်ရှင် လိုက်ပြတဲ့အဖေ..။ အဲဒီကားလည်း တူတူသွားကြည့်မယ် ပြောပြီးသားလေ။ ဒါပေမဲ့ ဒီမှာကလည်း သူငယ်ချင်းတွေက ရည်းစားတွေနဲ့အတူ အတွဲလိုက်တွေ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတာကိုးးး။ နောက်တော့ အဖေက ရည်းစားနဲ့ ရုပ်ရှင်ကြည့်တာ လူအထင်သေးတယ်လို့ ပြောတာနဲ့ နောက်ပိုင်း မသွားတော့။ ကျောင်းမှာပဲ တွဲတော့တယ် :P

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
သားကြီးက ညွှန်လို့ သွားဖတ်ကြည့်ရင်းက သွားသွားလည်ဖြစ်တဲ့ 'လင်းလက်ကြယ်စင်'လေးရဲ့ ဘလော့ ပါ..။

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
ကလိုစေးထူး.. ပေါ့။
ကျမဘလော့ စရေးဖြစ်ချိန်မှာ သားကြီးကလည်း အနားမှာ အတူမရှိတော့ ကျမရဲ့ post တင်တာ ဓါတ်ပုံတင်တာတွေကို ကူခဲ့တာ.. ကိုစေးထူးပေါ့။
ကဲ.. မတန်ခူးရေ.. ကြိုးစားပြီးတော့ ရေးလိုက်ပါတယ်..။
ပြီးတော့ မတန်ခူး Tag ထားတာကို ရေးတာကိုက နောက်ကျနေပြီမို့ ဆက် Tag မလုပ်တော့ပါဘူးနော်..။

15 comments:

Moe Cho Thinn said...

ဆရာမရေ
ဆရာမကို ချစ်လိုက်တာ။
ဘာရယ်မဟုတ်၊ အခုလို အကြာကြီး မတွေ့ရဘဲ အခု ပျော်ပျော်ရွှင်ရွှင် စာပြန်ရေးတော့ စိတ်ချမ်းသာလိုက်တာ ဆရာမရယ်။ ဆရာမဆီ စာအရှည်ကြီး သပ်သပ်ရေးအုံးမယ်။ စိတ်ရော၊ လူရော
နေကောင်းအောင်နေနော် ဆရာမ။ ဆရာမတို့ တအိမ်သားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ ပြည့်ဝပါစေ။ ရန်သူမျိုး ၅ပါးရန်မှ ကင်းဝေးပါစေလို့ ချိုသင်းတို့ ညီအမတွေ အမြဲဆုတောင်းပေးနေပါတယ်။

လင်းလက်ကြယ်စင် said...

ဆရာမ ဆရာမ .. မျှော်ရလွန်းလို့ သတိရလွန်းလို့ အခွန်းပေါင်းများစွာ ခေါ်နေရတာ။ အလုပ်တွေများ ၊ ကိစ္စအကြောင်းရာတွေများပြီး မတွေ့ဖြစ်ကြတာနဲ့ အရမ်းသတိရနေမိတာ။ ပို့စ်အသစ်လေးတွေ့လာလို့ ၀မ်းသာအားရဖတ်နေရင်း အမှတ်မထင် သမီးနာမည်လေးကို တွေ့လိုက်ရလို့ ဖော်မပြနိုင်တဲ့ ကြည်နူးဝမ်းသာမှုနဲ့ ဂုဏ်ယူမိပါရဲ့။ မောင်လေးကို ကျေးဇူးတင်သလို ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်။

စိတ်ရော ကိုယ်ရော ကျန်းမာချမ်းသာစွာဖြင့် အရာအားလုံး အဆင်ပြေပါစေ ဆရာမ :)

s0wha1 said...

အန်တီရေ... ပို့စ် မြင်လိုက်တာ အရမ်းပျော်သွားတယ်။

Hteink Min said...

တီ.... တီ...တီ...
မင်္ဂလာပါ။ တီစာရေးဖို့ကို အချိန်တွေစောင့်ရဦးမယ်ထင်နေတာ.. ခုလိုစာတွေပြန်ဖတ်ရတာ ဝမ်းသာပါတယ်။
တီ့သား

M.Y. said...
This comment has been removed by the author.
M.Y. said...

ဆရာမ
ဝတ္ထုကုန်ကြမ်းတွေက သူငယ်တန်းမှာကတည်းက ယူတတ်ရင်ရ နိုင်ခဲ့တာပဲကိုး။
စာများများပြန်ရေးပါဦး။

pandora said...

အစ်မရေ
နိုးနိုးချင်း အစ်မပို့စ်လေး ဖတ်ရတာ ပျော်လိုက်တာ။
ဒါတောင် ပထမဆုံး ကိုယ့်ထက် မှတ်ချက်ရေးသွားသူတွေက ရှိနေပြီ။
ချစ်ခင်သူတို့ မေတ္တာအားဖြင့် အစစအရာရာ အဆင်ပြေပါစေ။

ကလိုစေးထူး said...

အဲဒီ အပေါ်ကလူတွေ ပျော်တာထက် ကျနော်က ငါးဆလောက် ပိုပျော်တယ်။ :D

Anonymous said...

အမရေ ... သူငယ်တန်းဆရာမအကြောင်းဖတ်ပြီး ပြုံးမိတယ် ။ အဲလို ပြုံးစရာအဖြစ်အပျက်တွေကပဲ အမတို့ မိသားစုကို ၀ိုင်းရံထားပါစေ လို့ ဆုတောင်းလိုက်ပါတယ် ။

မေ said...

အစ်မရဲ့ ပို့စ်လေး ပြန်ဖတ်ရတာ အရမ်း ၀မ်းသာမိပါတယ်။ အစ်မနဲ့ မိသားစုအားလုံး အစစ အရာရာ အဆင်ပြေကြပါစေနော်။

kay said...

ဒီတခါ တော့..နောက်ကျပေါ့.. မခင်မင်းဇော်တုန်းက.. ပထမဆုံး ရတယ်။း(

ကဲ- ပထမဆုံး ကဗျာ လေး ထဲကလို့.. ပြီးရင်-ပျော်ရွှင်ဖွယ်တေးတွေ သီကြွေး လို့.. သွားစို့။

မေငြိမ်း said...

ပျော်စရာကြီး .. ပျောက်နေတဲ့အခိုက် လွမ်းနေ မျှော်နေ ဆုတောင်းပေးတဲ့သူတွေ အများကြီးရှိတာ။ ကျေးဇူးလည်း တကယ်တင်ပါတယ်..။ ကိုယ်တိုင်လည်း ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့ သွားစို့လို့ ပိုင်ပိုင်နိုင်နိုင် ဆိုချင်ပါရဲ့။

:P said...

အင်တာနက်မရတဲ့ ၁ ရက်ခွဲမှာ ဆရာမ ပြန်လာတယ်..နည်းနည်းနောက်ကျပြီး ၀မ်းသာရတာပေါ့..ဘာပဲဖြစ်ဖြစ်.. အရမ်းပျော်တယ်
အရင်ရက်တွေက ဆရာမ cbox မှာ မေငြိမ်း နာမည်နဲ့ စိတ်မပူဖို့ရေးထားပေမယ့် မယုံလို့ မေငြိမ်းနံမည်နဲ့ပဲ ကျမ၀င်ရေးကြည့်တော့ ရနေတယ်.. ပိုစိတ်ပူသွားပြန်ရော.ခုတော့ စိတ်ချမ်းသာသွားပါပြီ..အရှေ့ကလူတွေဆုတောင်းပေး
သလိုပါပဲ.ဆရာမနဲ့မိသားစု စိတ်ချမ်းသာပါစေ.

Kaung Kin Ko said...

ပထမဆုံးတွေကို လာဖတ်သွားပါတယ် ဆရာမ။ အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ။

တန်ခူး said...

မ ရေ…ကျေးဇူးပါ… တက်ဂ်ပြီး ကော်မန့် ပေးတာ နောက်ကျသွားတာ ခွင့်လွှတ်ပါ… ခုတလော အိမ်မှာရော ရုံးမှာပါ အလုပ်တွေ ရှုပ်နေလို့ ပါ မရေ….မျှော်လင့်ထားတာထက်တောင် ပိုလို့ ဖတ်လို့ ကောင်းတဲ့ ပထမဆုံးလေးပါ… မ က မှတ်ဥာဏ်အရမ်းကောင်းတယ်နော်… ဆရာမလေးနဲ့ ဆရာလေးဇာတ်လမ်းတောင် ခုထိမှတ်မိနေသေးတယ်… အဲဒီထဲက စာရေးဖို့ ကုန်ကြမ်းတွေ စုခဲ့တာဖြစ်မယ်… ဒါနဲ့ မ ရေ… မ သတင်းကောင်းလေးကို ဟိုတနေ့ ကမှ ကိုပေါပြောလို့  သိရတာ… ၀မ်းသာပါတယ် မ ရေ… နယ်မြေသစ်မှာ ပျော်ရွှင်ပါစေလို့ ….