Oct 10, 2008

ဖြစ်သလို.. တဲ့

တကယ်တော့ ဒီရက်တွေထဲ စိတ်ပမ်းလူပမ်းဖြစ်နေတာ။ ဒီကြားထဲ လွမ်းစရာတွေကလည်း ပေါ်ပေါ်လာ..။ အဲလို ဖြစ်ပြီဆို ကျမက အားငယ်လာပြီး မိဘကို လွမ်းသလိုမျိုး ကျောင်းကို ပြန်ပြန်သတိရသွားတတ်တာ အလေ့အကျင့်တခုလိုဖြစ်နေပြီ။ အဲလို လွမ်းလိုက်ရင် ခဏလေး နေရသက်သာသွားသလိုပဲ။ ဒါနဲ့ပဲ စိတ်ပါလက်ပါနဲ့ မြသီလာအလွမ်းပြေအရှိန်ရနေတုန်း ဒေါ်စိုးဝှတ်က Tag ပြန်ပါရော။ အင်းး Tag တာကတော့ ရေးကိုပေးရမှာမို့ မြသီလာထဲကနေ ခဏထွက်ပြီး ဖြစ်သလို ရေးးရပြန်တာပေါ့ :P။

တကယ်တော့ မိဘနဲ့နေတာ နှစ်၂၀ ကျော်လေး .. ပြီးတော့ ကိုယ့်ဘာသာ မိသားစုအဖြစ်နေရတာက နှစ်၂၀ကျော်လေးမှာ ကျမ ဖြစ်သလိုစားတယ်ဆိုတာမျိုး ခဏခဏကြုံရတာပေါ့။ ဥပမာ တက္ကသိုလ်မှာတုန်းက သူငယ်ချင်းအဆောင်မှာ စာကျက်ဖို့ သွားနေရတဲ့အခါတွေမှာ ဖြစ်သလိုလေး စားရတာတွေအများကြီး။ နောက် ဆရာမဖြစ်လို့ အတန်းမအားတာတွေ.. အလုပ်ပိတာတွေနဲ့ နယ်ဘက်တာဝန်ကျတဲ့အခါ ဖြစ်သလို စားလိုက် ရတာတွေလည်း အများကြီးပေါ့။

အင်းး များသောအားဖြင့်တော့ ကျမ ဘယ်လိုဖြစ်သလိုစားပါလိမ့်။
ကိုယ်ရှိနေတဲ့နေရာနဲ့အနီးဆုံးက မုန့်ဟင်းခါးဆိုင်(ဗမာပြည်မှာတုန်းကတော့ မုန့်ဟင်းခါးဆိုင်တွေက အောတိုက် ကိုး) ကနေ မုန့်ဟင်းခါး ၀ယ်စားလိုက်တာပဲ။ ကျမက မုန့်ဟင်းခါး သိပ်ကြိုက်တယ်။ မုန့်ဟင်းခါးကို ထမင်းနဲ့ ရောနယ်ပြီး ငြုတ်သီးမှုန့်စပ်စပ်နဲ့ အသုပ်လို ခပ်ခြောက်ခြောက်လေးစားရတာ သိပ်ကြိုက်။ နောက် ဗူးသီးကြော် ကြက်သွန်ကြော် ဘယာကြော်ပူပူနွေးနွေးဝယ်ပြီး ထမင်းပူပူနဲ့ ဆားဖြူးစားတာက ကျမအလွန်ကြိုက်တဲ့ ဖြစ်သလိုစားတာပဲ။ နောက် ကြာဆံလက်သုပ်လေး.. အစုံသုပ်လေး ပြေးဝယ်ပြီး ထမင်းဖြူကို ကြက်သွန်ဖြူ ငြုတ်သီးစိမ်းတောင့်ကိုက်စားပြီး ဗူးသီးဟင်းခါးလေးနဲ့ ဆိုလို့ကတော့ အနည်းဆုံး ၂ပန်းကန်ပဲ။ (ခုတောင် စားချင်လာပြီ)။

(အစုံသုပ်ကလေး.. အားရပါးရနယ်)

ဒါမှမဟုတ်ရင်တော့ လဘက်သုပ်နဲ့ ခုနလိုပဲ ထမင်းဖြူကို ကြက်သွန်ဖြူ ငြုတ်သီးစိမ်းတောင့် ကိုက်စား။ ရေနွေးကြမ်းပူပူလေးနဲ့။ တခါတခါ အလုပ်သိပ်ရှုပ်ရင်တော့ ထမင်းအိုးတည်တဲ့အခါ ဘဲဥတွေကို ရေစင်စင် ဆေးပြီး တခါတည်း ထမင်းအိုးထဲထည့်။ ပြီးရင်တော့ ဘဲဥပြုတ်မွှေးမွှေးလေးနဲ့ ထမင်းဆီဆမ်း၊ ငြုတ်သီး အကျက်မှုန့် ဆားထောင်းလေးနဲ့၊ သံပုရာသီးစိပ်လေးတွေကို အခွံပါကိုက်တို့ဆိုလည်း ၂ပန်းကန်လောက် တော့ အသာလေး ၀င်သွားတာပဲ။ (ကံကောင်းတာက ကျမကလေးတွေ ကလည်း အဲဒီဖြစ်သလိုလေးတွေကို ကြိုက်မှကြိုက်)။ အိမ်မှာကတော့ ဆေးဘဲဥတို့ ရှမ်းပဲပုတ်တို့ ဆီတို့ဟူးတို့ ရှမ်းမုန်ညင်းချဉ်တို့ ပုန်းရည်ကြီးတို့ အမြဲဝယ်ထားတတ်တော့ အဲဒါလေးတွေနဲ့များတွဲစားလိုက်ရင် ဖြစ်သလိုစားတာကတောင် တော်တော်မြိန်ပြီ။

(ဒါလေးက မန္တလေးထမင်းသုပ် .. ဘာရယ်မဟုတ် အမဲကြော်လေး ကြက်ကြော်လေး ငါးခြောက်ကြော်လေးနဲ့ တွဲစားလိုက်တာပါပဲ :P)

ဒါပေမဲ့ ကလေးတွေနဲ့ဆိုတော့ ဖြစ်သလိုစားလိုက်တာ နည်းပါတယ်။ ကျမကိုယ်တိုင်က အစားအသောက် အချက်အပြုတ် ၀ါသနာပါတော့ သေချာ ချက်စားဖြစ်တာ များပါတယ်။ ပြီးတော့ ကျေးဇူးရှင် ခင်ပွန်းသည် ကလည်း စိတ်ရှည်လက်ရှည် ချက်ပြုတ်ကျွေးတတ်တဲ့သူမို့ ကျမအတွက်တော့ ဖြစ်သလိုစားရတာ အင်မတန် နည်းတယ်လို့ပဲ ပြောရမှာပါ။ ဟဲဟဲ.. ပြောရရင် ဒီ 'ထိုင်း'မှာက အပြင်မှာစားလည်း ပိုက်ဆံက သိပ်မကုန်တာမို့ အနည်းဆုံးတော့ 'ဖြစ်သလိုလေးပဲ စားသောက်ဆိုင်မှာ သွားစားလိုက်တယ်' ဆိုသလို.......... :P

(ကြုံတုန်း စိတ်လိုလက်ရလုပ်စားတဲ့ အသုပ်စုံတို့ ထမင်းသုပ်တို့ပုံတွေ သွားရည်ကျနိုင်အောင် တင်ပေးလိုက် ပါတယ်..။ တကယ်တော့ ကျမက အဲလို လုပ်စားတာကိုက ဖြစ်သလိုလို့ သတ်မှတ်တာ.. ခိခိ)

ဘယ်သူ့ကိုမှ ထပ် မtag တော့ပါ။

14 comments:

Moe Cho Thinn said...

ဆရာမရေ
မုန့်ဟင်းခါးသုပ်၊ အစုံသုပ်ဆိုပေမဲ့ စုံလှချည့်လား။ တစားပွဲလုံး အပြည့်ပါပဲလား။ ချိုသင်းလဲ အသုပ်ဆို သိပ်ကြိုက်။ သုပ်နေတာ ကိုရာကျော်လား။ မိုက်ပါ့ကွာ။ တွေ့ကြသေးတာပေါ့ ဆရာမ။ ရန်စကားပြောတာ မဟုတ်ပါဘူး။ တွေ့ရင် အတူလုပ်စားမှာကို ပြောတာပါ။ :)

ညီလင်းသစ် said...

အင်း...ကျနော်ကတော့ မန္တလေးထမင်းသုပ် ဓါတ်ပုံထဲ ကငရုတ်သီးအနီတောင့် လှော်တွေကိုပဲ သွားရည်ကျနေ မိတယ်အမရေ...၊ :P

မှန်းကြည့်ရသလောက်တော့ တော်တော်လေးကို မွမွရွရွ နဲ့မွှေးမယ့် ငရုတ်သီးတွေပဲ...hummmmmm!

Anonymous said...

နီးရင်အကောင်းသား.....

:P said...

ဆရာမရယ်...
တဂယ်ကြီး သွားရည်ကျလာတာ..
အသုပ်မှန်သမျှအကုန်ကြိုက်..
ဓါတ်ပုံထဲကလက်ကိုကြည့်ပြီး ဆရာမအမျိုးသားတော့နယ်နေပြီ(အသုတ်)လို့ထင်တာ
ဆရာမမိုးချိုသင်းက အပြောဦးသွားတယ်

P.Ti said...

ဆရာမ ရဲ့ ဖြစ်သလိုကလည်း ကျွန်တော့် ဖြစ်သလိုထက်အောင် ပိုဆိုးနေပြီ... ဖြစ်သလိုက တော်တော်လေးကောင်းနေတာကိုပြောတာပါ... ;)

YeKyawAungMDY said...

...လာစားအုံးမယ်...အစ်မရေ...ပြန်ရောက်နေပြီ...

လင်း said...

ဖြစ်သလိုလေးကလဲ ကောင်းလှချည်လားဆရာမရယ်။ ထမင်းသုပ်လေးကို အမဲသားကြော်လေးကိုက်လိုက်၊ ငရုတ်သီးကောင်လုံးကြော်လေးကိုက်လိုက်နဲ့  အမလေး ဂလုကနဲမျိုချလိုက်ရတယ်။အဲလိုမျိုးဖြစ်သလိုလေးတော့ စားချင်သားး

မေငြိမ်း said...

အားလုံးကို တကယ်ကျွေးချင်တာပါ.. အဲလို လုပ်ကျွေးရတာကိုလည်း ၀ါသနာကိုပါတာ..။ ဘယ်လိုကျွေးရပါ့ :D

Unknown said...

လက်ဆေးရဲ့လားး)

s0wha1 said...

အမယ်လေးးး... သရေကျသွားပြီ။ ဒီဇင်ဘာ လာခဲ့မယ်လေ။ ဟိ... ခုမှ ပီနန်က ပြန်ရောက်တာ။...

mm thinker said...

အစ်မပြောပြောနေတဲ့ မုန့်ဟင်းခါးကလည်း ကျနော်နဲ့ ရေစက်မပါဘူး ထင်ပါ့။

စားရသေးဘူး။

ကျန်မာရေးလည်း ဂရုစိုက်ဦး အစ်မရေ။

သင်ကာ

မေငြိမ်း said...

ဟွန်း စိတ်နာတာ တခုပဲ .. သုပ်နေတာ ကိုယ်တိုင်ဟာကို ကိုရာကျော်လားတဲ့..။
သင့်ကာရေ.. ဒီတခါ တကယ်ချက်မယ်..လာသာ စားဖြစ်အောင်စားးး

သက်ဝေ said...

ဆရာမ...
သက်ဝေကိုလဲ ကျွေးပါနော်

Hteink Min said...

ဟားဟား.. ဗိုက်ချာအောင်လုပ်တယ်..