Sep 22, 2007

ကဗျာဆရာ အောင်ဝေး ပြောပြီ။

အခု သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတယ်။ သံဃာတော်တွေရဲ့ရှေ့မှာ (၈၈)မျိုးဆက် ကျောင်းသား တွေရယ်၊ အင်အယ်လ်ဒီလူငယ်တွေရယ်၊ ရဲရဲရင့်ရင့် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ အဲလိုအချိန်မှာ တစ်တိုင်းတစ်ပြည်လုံးမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲအကျပ်အတည်းတွေကို လူ့ကိစ္စကို လူတွေကလုပ်ရမယ့် ဥစ္စာတွေကို လူတွေက မလုပ်လာနိုင်ကြသေးတဲ့အတွက် (မလုပ်တာတော့ မဟုတ်ဘူးနော်) မလုပ်လာနိုင် သေးတဲ့အတွက် ဆရာတော်အရှင်သူမြတ်တွေက ရှေကနေထွက်ပြီးတော့ လုပ်နေကြတဲ့ အပေါ်မှာ ကျနော်တို့ ပြည်သူလူထုဟာ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့တော့ မဖြစ်ဘူး။ လက်ပိုက်ကြည့်နေတဲ့ သူ အနည်းငယ်တော့ ရှိချင်ရမယ်။ ဒါပေမယ့် ပြည်သူလူထုအများစုက မနေ့တုန်းကဆိုရင် သံဃာတော်တွေကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်စောင့်ရှောက်တဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူအများကြီး ထွက်လာပါပြီ။

အဲဒီလိုအချိန်မှာ ပြည်သူလူထုရဲ့ ချစ်ခင်မှုကို ရှိတဲ့၊ ပြည်သူလေးစားချစ်ခင်ရတဲ့ စာပေသမားတွေ၊ ရုပ်ရှင်သမားတွေ၊ ဂီတသမားတွေ၊ မော်ဒယ်တွေဟာ ကိုယ့်စာပေ၊ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် အလုပ်နဲ့ပဲ ကွက်ကွက်ကလေးလောက်နဲ့ လုပ်နေလို့ မရတော့ဘူး။ ဒီအချိန်မှာ ဘုန်းဘုန်းတွေရဲ့လမ်းကြောင်းကို နောက်က ပြည်သူတွေ လိုက်လာနိုင်အောင် ပြည်သူလူထုသိတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မောဒယ်၊ အနုပညာရှင် တွေဟာ တညီတညွတ်တည်း ပြည်သူရဲ့ ခံစားချက်နဲ့ ထပ်တူ မိမိရဲ့ခံစားချက်ကိုလည်း ဖော်ထုတ် တင်ပြဖို့အချိန် ရောက်ပြီ။ အဲလို ကျနော်ယူဆတယ်။ ယူဆတဲ့အတိုင်းလည်း ကျနော်တို့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်၊ အနုပညာရှင်တွေကို စုစည်းပြီးတော့ ဘုန်းဘုန်းတွေရဲ့ တိုက်ပွဲကို ထောက်ခံမယ်။ ဘုန်းဘုန်းတွေ မလုပ်အပ်တဲ့၊ မလုပ်သင့်တဲ့ လူ့ကိစ္စတွေကို ကျနော်တို့ ပြည်သူလူထုတွေ ဆက်လုပ်သွားနိုင်ဖို့အထိ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်၊ အနုပညာသည်တွေဟာ ဆက်လက်ပြီးတော့ ရှေဆက် တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်ဘုရား။

အောင်ဝေး
DVB -Interview မှ

No comments: