Sep 23, 2007

ငြိမ်းချမ်းရေးသို့


ဓမ္မ၏ကြွေးကြော်သံ

ဟယ် ... အဓမ္မ
ကြမ်းရှခက်ထန် ဒေါသမာန်ဖြင့်
သင်၏ မသိနားမလည်မှုတို့ခွာချဖို့အချိန်တန်ပြီ။

ဟယ် ... အဓမ္မ
သင့်လောဘဖြင့် ပြည့်နှလုံးကိုဖောက် ပြည့်ဝမ်းကိုဟောက်စေခဲ့ပြီ။
ပြည်သူတို့၏ မျက်ရည်ပေါက်သည် မြစ်ချောင်းမက စီးဆင်းခဲ့ရပြီ။

ဟယ် ... အဓမ္မ
မိုးရေတို့သည် ငါတို့၏ ခန္ဓာကိုယ် ကို ရွှဲရွှဲစိုစေ၏။
ငါတို့ရင်ထဲမှ ဓမ္မ၏ကြွေးကြော်သံကိုကား မတားမြစ်နိုင်။

ဟယ် ... အဓမ္မ
ပြည်သူနှင့်ဓမ္မ နှလုံးစိတ်ဝမ်း တသားတည်းကျခဲ့လေပြီ။
လိမ်ညာလှည့်ဖျား မုသားတို့ ရှင်းလင်းဖယ်ရှားတော့မည်။

ဟယ် ... အဓမ္မ
အမှန်တရား၏ အရိပ်အောက်မှ ဓမ္မ၏ တောင်းဆိုမှုများညံခဲ့ပြီ။
လွတ်လပ်ခြင်း၏နိမိတ်ပုံများ ကွန့်မြူးလှည့်လည်နေလေသတည်း။

ဟယ် ... အဓမ္မ
ဓမ္မ၏အားဖြင့် အတားအဆီးတို့ကို ဖွင့်စေမည်။
ဓမ္မ၏နှုတ်ဖြင့် ဆူးခလုတ်တို့ကို ညွှတ်ပျောင်းစေမည်။
ဓမ္မ၏လမ်းဖြင့် ငြိမ်းချမ်းသောခရီးကို လှမ်းကြဖို့ အချိန်တန်ပြီ။
ဓမ္မ၏တေးသံ ကမ္ဘာအနှံ့ပျံ့လွင့်စေအံ့။
ဓမ္မ၏အောင်ပွဲ ခြိမ့်ခြိမ့်သဲသဲ ဆင်ယင်နွှဲကြတော့မည်တည်း။ ။


ချိုးဖြူငှက်
(၂၃၊၉၊၀၇)

No comments: